အသက် ၁၈ နှစ်ကနေ ၂၀ အရွယ်ရှိတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦး အပါအဝင် လူငယ် ၁၂ ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့က အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ရာဇသတ်ကြီးဥပဒေ ပုဒ်မ -၃၀၂ လူသတ်မှုနဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
သေဒဏ်ချမှတ်ခံရသူတွေဟာ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးဖြစ်တဲ့ မောင်ခန့်ဇင်ဝင်း၊ မောင်သူရ မောင်မောင်၊ မောင်ခန့်လင်းမောင်မောင်၊ မောင်ဇော်လင်းနိုင်၊ မောင်သီဟထက်ဇော်၊ မောင်ဟိန်းထက်၊ မောင်သက်ပိုင်ဦးနဲ့ မောင်ဇင်လင်းအောင်၊ မောင်မင်းထက်သာ၊ မောင်ဝေဇင်ယံ၊ မောင်သူထူးအောင်နဲ့ အမည်စုံစမ်းဆဲ တစ်ဦးတို့ဖြစ်တယ်လို့ ပြောပါတယ်။
သူတို့ကို သေဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ အယူခံဝင်ခွင့် ရှိ၊ မရှိကို မပြောနိုင်သေး ဘူးလို့ ဥပဒေအကြံပေး ရှေ့နေတစ်ဦးက ပြောပါတယ်။
"ကျောင်းသား ခုနစ်ဦးအပြင်၊ လူငယ်ငါးဦး စုစုပေါင်း ၁၂ ဦး သေဒဏ်ချခံရတာ၊ လောလောဆယ်တော့ ဘာမှ လုပ်ပေးလို့ မရသေးတဲ့ အခြေအနေပေါ့၊ အယူခံ တင်မယ်ဆိုရင်လည်း စစ်ခုံရုံးကချတာဖြစ်လို့ စစ်ခုံရုံးကိုပဲ တင်ရမှာပေါ့၊ ကျောင်းသား ခုနစ်ဦးထဲက သူရမောင်မောင်၊ ဟိန်းထက်၊ သီဟထက်ဇော် သုံးဦးကတော့ အကြမ်းဖက် နဲ့ အလုံခရိုင် တရားရုံးမှာ ထပ်စွဲထားတာရှိတယ်"
သေဒဏ်ချမှတ်ခံထားရသူတွေ ရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက အကြောင်းကြား တာမျိုးမရှိသလို အခုလို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် ယူကျုံးမရဖြစ်မိတယ်လို့ ကိုသူရမောင်မောင် မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
"ယူကျုံးမရ ဖြစ်မိတယ်၊ ပြန်လွတ်လာမယ်၊ တွေ့ခွင့်ရမယ်လို့ မျှော်လင့်ထားတာ၊ ကလေးကို နှမြောမိတယ်၊ အာဏာသာမသိမ်းခဲ့ရင် ဂိမ်းဆော့လိုက် ကျောင်းတတ်လိုက် ဖြစ်နေရမယ့် အရွယ်ကောင်းလေးပါ"
ဒဂုံတက္ကသိုလ် ကျောင်းသားခုနစ်ဦးကတော့ ဧပြီလ ၂၁ ရက်နေ့မှာ တောင်ဒဂုံမြို့နယ် (ဘဏ်ခွဲ) ကမ္ဘာ့ရတနာဘဏ် မန်နေဂျာကို သတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားရပြီး၊ ကျန်လူငယ်တွေကတော့ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှုးကို သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သေဒဏ်ချမှတ်ခံထားရသူတွေကို လာမယ့် ဒီဇင်ဘာ ၇ရက်နေ့မှာ ကွပ်မျက်မယ်လို့ ကောလာဟလတချို့ ထွက်ပေါ်နေပေမယ့် ဒါက မှန်ကန်မှုမရှိဘဲ၊ ဥပဒေ လုပ်ထုံးလုပ်နည်းမှာလည်း အယူခံဝင်ခွင့်ရှိတယ်လို့ အကျဉ်းဦးစီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းက RFA ကို မနေ့က ပြောဆိုထားပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးကို သေဒဏ် ချမှတ်လိုက်တဲ့အပေါ် လက်မခံဘဲ ကန့်ကွက်ကြောင်း နိုင်ငံတစ်ဝန်းက ကျောင်းသားသမဂ္ဂ ၂၂၃ ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်းမှာ နိုင်ငံတစ်ဝန်းက အကျဉ်းထောင် အသီးသီးမှာ ၁၃,၀၁၇ ဦး ဖမ်းဆီးခံထားရပြီး၊ သေဒဏ်ချမှတ်ခံထားရသူ ၉၀ ဦးနဲ့ မျက်ကွယ် သေဒဏ်ချမှတ်ခံရသူ ၄၂ ဦး၊ စုစုပေါင်း ၁၃၂ ဦး သေဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဒီဇင်ဘာ ၁ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။