ဒေါ်အောင်ဆန်းစုကြည် အဂတိ လေးမှုနဲ့ စွဲချက်တင်ခံရ

ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရတဲ့ အဂတိအမှုတွေထဲက အမှု လေးမှုနဲ့ နေပြည်တော် အထူးတရားရုံးမှာ မေလ ၂၄ ရက်နေ့ ဒီနေ့ စွဲချက်တင်ခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူ တွေက ပြောပါတယ်။

အဲဒီအမှုတွေဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တော အသက်မွေးပညာသင်တန်း ကျောင်း စီမံကိန်းအတွက် နေပြည်တော်မှာ မြေနေရာရယူတာ၊ ရန်ကုန်က ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းရုံးချုပ် မြေနေရာနဲ့ အဆောက်အအုံငှားရမ်းတဲ့ ကိစ္စရပ်တွေနဲ့ သက်ဆိုင်တဲ့အမှုတွေ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒု-မြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့လည်း ဒီအမှုတွေမှာ ပူးတွဲ စွဲဆို ခံထားရပါတယ်။

ဒီနေ့စွဲချက်တင်ခံရတဲ့အမှုတွေအတွက် တရားလိုပြသက်သေတချို့ကို နောက်ရုံးချိန်းတွေမှာ ပြန်လည်စစ်ဆေးဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို သတင်းမီဒီယာတွေနဲ့ ဆက်သွယ် ပြောဆိုခွင့် ပိတ်ပင်ထားတာကြောင့် ဒီနေ့ စွဲတင်တဲ့အမိန့်နဲ့ ပတ်သက်လို့ အသေး စိတ်ကို မသိရသေးပါဘူး။

ဒီနေ့ရုံးချိန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာတွေ လက်ခံရယူတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အဂတိ အမှုသစ်နှစ်မှုကိုလည်း စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အမှုတွေအားလုံးကိုတော့ မေလ ၃၁ ရက် နောက်တစ်ပတ် အင်္ဂါနေ့ကို နေပြည်တော် အထူး တရားရုံးက ပြန်လည် ချိန်းဆိုထားပါတယ်။

ရုံးချိန်းတက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူတို့အားလုံး ကျန်းမာရေးကောင်းမွန်နေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။ လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက်တရားရင်ဆိုင်နေရပါတယ်။