အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရဟတ်ယာဉ် ငှားရမ်းအသုံးပြုတာနဲ့ ပတ်သက်ပြီး အဂတိပုဒ်မနဲ့ စွပ်စွဲခံထားရတဲ့အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့မှာအပြစ်မရှိကြောင်း ဒီနေ့ ကိုယ်တိုင်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၂ ရက် ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရာဇသတ်ကြီး အမှုအမှတ် ၄၆ အတွက် နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးမှာ စစ်ဆေးခဲ့တာပါ။
အခုစစ်ဆေးတဲ့အမှုဟာ NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံတွေကနေ ရဟတ်ယာဉ် ငှားရမ်းအသုံးပြုတာနဲ့ သက်ဆိုင်တဲ့အမှု ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရဟတ်ယာဉ်ငှားရမ်းဖို့အတွက် ရုံးတွင်းတင်ပြလာချက်ကို လုပ်ထုံးလုပ်နည်းတွေအတိုင်းသာ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တဲ့အတွက် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တာလို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းတာနဲ့ သက်ဆိုင်တဲ့အမှုတွေကတော့ ရာဇသတ်ကြီးအမှုမှတ် ၄၆ ကနေ ၄၇၊ ၄၈၊ ၄၉၊ ၅၀ အထိ အမှုငါးမှုရှိပြီး ဒီနေ့မှာ တစ်မှုသာပြီးပြတ်တာကြောင့် ကျန်နေတဲ့ လေးမှုအတွက် နောက်ရုံးချိန်းရက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံစစ်ဆေးဖို့ ရှိနေပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ ဒီနေ့ရုံးချိန်းမှာ သူ့ကိုစစ်ဆေးဖို့ နောက်ဆုံးကျန်နေတဲ့ အမှုအမှတ် ၅၀ အတွက် ကိုယ်တိုင်ထွက်ဆိုခဲ့ပြီး အမှုငါးမှုလုံးအတွက် စစ်ဆေးပြီးစီးသွားပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အမှုပေါင်း ၁၉ မှုနဲ့ စွပ်စွဲပြီး တရားစွဲခံထားရသလို အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ အမှုပေါင်းရှစ်မှုနဲ့ တရားရင်ဆိုင်နေရပြီး အဲဒီအထဲက သုံးမှုအတွက် ထောင်ငါးနှစ် ချမှတ်ခံထားရပါတယ်။