ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂါနေ့ နေအိမ်အကျယ်ချုပ်ပြောင်းမယ့် သတင်းထွက်
2023.07.25
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ဖို့ အာဏာသိမ်းစစ်ကောင်စီက စီစဉ်နေတယ်လို့ တရားဝင်မဟုတ်တဲ့ သတင်းတွေအရ သိရကြောင်း လုံခြုံရေး အရာရှိတစ်ဦးကို ကိုးကားပြီး AP သတင်းဌာနက ဇူလိုင်လ ၂၅ ရက်နေ့က ဖော်ပြလိုက်ပါတယ်။
“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲ ပြုလုပ်တဲ့ ဩဂုတ်လ ၁ ရက် အင်္ဂါနေ့မှာ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးတဲ့ အစီအစဉ်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းမယ့်ကိစ္စ ကြေညာမယ်လို့ အမည်မဖော်လိုတဲ့ အဲဒီအရာရှိကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာ ပြောင်းရွှေ့မယ်၊ ဘယ်တော့ပြောင်းမယ် ဆိုတာကိုတော့ အတိအကျမသိကြောင်းလည်း နေပြည်တော်အရာရှိကပြောကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။
အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဒု-ဝန်ကြီးအဆင့်နေထိုင်တဲ့ နေပြည်တော်က နေအိမ်တစ်လုံးကို စစ်ကောင်စီက ပြောင်းရွှေ့လိုက်တယ်ဆိုပြီး BBC သတင်းဌာန မြန်မာပိုင်းအစီအစဉ်က မနေ့က ဖော်ပြတာနဲ့ ပတ်သက်လို့ အတည်မပြုနိုင်ကြောင်းလည်း အဲဒီအရာရှိက ပြောတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့မယ်သတင်းနဲ့ ပတ်သက်လို့ တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် မြန်မာစစ်တပ်နဲ့နီးစပ်တဲ့ သတင်းမီဒီယာသမားတချို့လည်း အလားတူသတင်းမျိုး ကြားရကြောင်း ပြောဆိုခဲ့တယ်လို့ AP သတင်းမှာဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး ၂၀၂၂ ဇွန်လ ၂၂ ရက်နေ့မှာ နေပြည်တော်နေအိမ်ကနေ အကျဉ်းထောင်ကို မပို့ခင်အထိ စစ်တပ်စခန်းလို့ ယူဆရတဲ့ နေရာတစ်ခုမှာ ချုပ်နှောင်ထားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မမျိုးစုံနဲ့ တရားစွဲခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေကနေ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပါတယ်။