ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် ၅၄ ကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၂ ရက် ဒီနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။
ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်တာကြောင့် အဲဒီမြေနဲ့ အဆောက်အအုံ နေရာကို ဘယ်သူကမှ ပိုင်ဆိုင်တာ၊ ပိုင်ဆိုင်ဖို့ကြိုးစားတာ၊ ရောင်းချတာ၊ ရောင်းချဖို့ ကြိုးစားတာ၊ ဖျက်ဆီးတာ၊ ဖျက်ဆီးဖို့ ကြိုးစားတာ၊ ပုံစံပြောင်းတာ၊ ပြင်ဆင်တာနဲ့ အခြားနည်း အသုံးချတာတွေကို တင်းကျပ်စွာတားမြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တားမြစ်ချက်တွေကို ဖောက်ဖျက်ရင်တော့ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးဥပဒေ၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်တဲ့ ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတို့နဲ့ အရေးယူမယ့်အပြင် အဲဒီလိုလုပ်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုလည်း အမည်ပျက်စာရင်း (Black List) ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။
တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ရှိမှာရှိတဲ့ နေအိမ်နဲ့ ခြံဝင်းဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ အမွေဆိုင်ခွဲဝေမှု အငြင်းပွားနေပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကတော့ ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော် ချုပ်က အနိုင်ပေးခဲ့ပါတယ်။
ဒီအိမ်ဟာ ၁၉၄၇ ခုနှစ်မှာ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့ နောက် ဇနီးဖြစ်သူ ဒေါ်ခင်ကြည် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ဒီဇင်ဘာမှာ ဒေါ်ခင်ကြည် ကွယ်လွန်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအိမ်မှာ ဆက်လက်နေထိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီနောက် စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ ၁၅ နှစ်နီးပါး ကာလ တစ်လျှောက်လုံး အဲဒီနေအိမ်မှာပဲ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။