တိုင်းပြည်ပြဿနာကို လက်နက်နဲ့ မရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

သီဟထွန်း
2020.01.08

တစ်နှစ်ကျော်ကြာ ရပ်တန့်နေတဲ့ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့ အစိုးရ၊ တပ်မတော်နဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေ ဒီနေ့ နေပြည်တော် NRPC မှာ ရှစ်ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်ပြီး အားသာချက်ယူတာတွေ၊ ဖြေရှင်းချက်အသစ်တွေနဲ့ စိတ်ကူးယဉ်မှုတွေဟာ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်ဘူးလို့ အဖွင့်မိန့်ခွန်းမှာ ပြောကြားပါတယ်။

မမျှော်လင့်ဘဲ လက်နက်ကိုင်ပဋိပက္ခတွေ များလာတာနဲ့ ပတ်သက်လို့ သတိပေးပြောကြားခဲ့တာဖြစ်ပြီး ရေတိုကာလမှာ မာန်မာနတွေ၊ အာဃာတတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာ စီးမျောနေကြမှာ ဖြစ်ပေမယ့် ရေရှည်မှာတော့ ပေးဆပ်လိုက်ရတာက တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေမှာပဲ ဖြစ်တယ်ဆိုတာကို သိလာမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဒါကြောင့် နှစ်ပေါင်း ၇၀ ကျော်ကြာ အတွေ့အကြုံတွေအရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းသာ လက်တွေ့ကျပြီး ထိရောက်မှုရှိတယ်လို့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  တောင်းဆိုသူဘက်ကလည်း ဖြစ်နိုင်ခြေရှိတာကိုသာ တောင်းဆို ဆွေးနွေးရင်၊ ဖြစ်နိုင်ခြေ ရှိမရှိ လိုက်လျောဆောင်ရွက်ပေးရမယ့် အစိုးရ အပိုင်းကလည်း ညှိနှိုင်းအဖြေရှာရင်  အချိန်ကြန့်ကြာမှုကို ကျော်လွှားသွားနိုင်မယ်လို့ ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ် ယွက်စစ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး မပါဝင်သေးဘဲ ကျန်နေသေးရင် မပြည့်စုံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲအပြီးမှာ စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို ၂၀၂၀ ပြည့်နှစ် ပထမ လေးလ ကာလအတွင်း၊ ဧပြီလ မတိုင်ခင်မှာ ကျင်းပဖို့နဲ့ သဘောတူညီချက် ရှစ်ချက်ရခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ၂၁ ရာစုပင်လုံညီလာခံမှာ ထည့်သွင်းဆွေးနွေးမယ့် အချက်တွေနဲ့ ကျင်းပမယ့် အချိန်ကို သဘောတူခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

NCA လက်မှတ်မထိုးထားတဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့နဲ့ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့ ဦဇော်ဌေးက ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက နှစ်ဘက်ခေါင်းဆောင်တွေ သဘောတူညီမှုတွေရခဲ့တဲ့အတွက် အမျိုးသားနိုင်ငံရေး အဆင့်ဆွေးနွေးပွဲတွေ အပါအဝင် ရပ်တန့်နေတဲ့ အစည်းအဝေးတွေ ပြန်လည်စတင်ဖို့ လမ်းပွင့်သွားတယ်လို့ ပြောပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား မဖြေရှင်းနိုင်သေးတဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရေး ကိစ္စ၊ တစ်ခုထဲသော တပ်မတော်၊ ကိုယ်ပိုင်ပြဌာန်းခွင့် စတဲ့ နှစ်ဘက်အပြန်အလှန် တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့တော့ လာမယ့် ပင်လုံညီလာခံမှာ ဆွေးနွေးနိုင်မလားဆိုတာ  မပြောနိုင်သေးဘူးလို့ ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

NCA စာချုပ်အရ အဆင့်အမြင့်ဆုံးဖြစ်တဲ့ JICM အစည်းအဝေးမှာ သဘောတူညီခဲ့တဲ့ အချက် ရှစ်ချက်ကတော့ NCA စာချုပ် အခန်း ၃၊ ၄၊ ၆ မှာပါတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင်ဆောင်ရွက်ဖို့နဲ့ ကြားကာလအတွင်း ဆောင်ရွက်ရမယ့် အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၀ အလွန်ကာလမှာ ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ဆွေးနွေးဖို့၊ UPDJC နဲ့ JMC အစည်းအဝေးတွေ ကျင်းပရေး ကိစ္စတွေဖြစ်ပါတယ်။

JICM အစည်းအဝေးကို မကျင်းပနိုင်ခဲ့တာ တစ်နှစ်ကျော်ကြာရှိပြီဖြစ်ပြီး ဒီတစ်ကြိမ်ကျင်းပတဲ့ ဆွေးနွေးပွဲဟာ အရင်ဆွေးနွေးပွဲတွေနဲ့ မတူဘဲ ချောချောမွေ့မွေ့နဲ့ အချိန်တိုအတွင်း အောင်မြင်ခဲ့တယ်လို့ နှစ်ဘက်ခေါင်းဆောင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။