ခြံအမှတ် (၅၄) အမှု ဒေါ်အောင်ဆန်းစုကြည် ရှေ့နေအဖွဲ့ ပြင်ဆင်မှုလျှောက်ထား

RFA Burmese
2024.03.14
ခြံအမှတ် (၅၄) အမှု ဒေါ်အောင်ဆန်းစုကြည် ရှေ့နေအဖွဲ့ ပြင်ဆင်မှုလျှောက်ထား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ် အမှတ် (၅၄) တွင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဥ်။
Reuters

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ကို လေလံပစ်ရောင်းချဖို့ ဆောင်ရွက်တဲ့ကိစ္စမှာ နည်းလမ်းတကျဆောင်ရွက်ခြင်းမရှိဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ရန်ကုန်တိုင်းတရားရုံးကို ပြင်ဆင်မှုတက်ထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက မတ်လ ၁၅ ရက်နေ့မှာ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင်ဖြစ်တဲ့ အဲဒီအိမ်နဲ့ ခြံကို ကျပ်သိန်းပေါင်း သုံးသန်းကျော် (အမေရိကန်ဒေါ်လာ သန်းကိုးဆယ်နီးပါး) နဲ့ မတ်လ ၂၀ ရက်နေ့မှာ လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးက ဆုံးဖြတ်ထားတာပါ။

အခုလို ပြင်ဆင်မှုတက်ထားတာကို တရားရုံးက လက်ခံ၊ မခံ နှစ်ဖက်လျှောက်လဲချက် ကြားနာပြီးမှသာ သိနိုင်မှာဖြစ်ပေမယ့် လျှောက်လဲချက်ကို ဘယ်နေ့မှာ ကြားနာမယ်ဆိုတာ မသိရသေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကို ဦးအောင်ဆန်းဦးဟာ ခြံအမှတ် (၅၄) ပရဝုဏ်အတွင်းက ရှိသမျှကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို မောင်နှမ နှစ်ယောက် ခွဲဝေမယ်ဆိုပြီး ၂၀၀၀ ပြည့်နှစ်မှာ အမှုစတင်ခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာတော့ အိမ်နဲ့ခြံကို မောင်နှမ နှစ်ယောက် ခွဲဝေပိုင်ဆိုင်ဖို့ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချခဲ့ပါတယ်။

ဒီအမိန့်ကိုမကျေနပ်လို့ NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးက ပြည်တော်စု တရားလွှတ်တော်ချုပ်ထိ အဆင့်ဆင့် အယူခံတက်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရချိန် ဦးအောင်ဆန်းဦးဘက်က အထူးအယူခံ ဆက်တက်ခဲ့စဉ်မှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်း ကမာရွတ် ခရိုင်တရားရုံးက လေလံတင် ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီအိမ်နဲ့ ခြံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။