ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့မနက်က နေပြည်တော်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နေပြည်တော် လွှတ်တော်မှာရှိတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ရံုံးခန်းမှာ ၂ နာရီ လောက်ကြာ နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ဆန္ဒအတိုင်း အကောင်အထည် ဖေါ်နိုင်ဖို့အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။

ခေါင်းဆောင်တွေအားလုံးက တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန်ထားပြီးဖြစ်ပြီး လာမယ့်သီတင်းပတ်အတွင်း ခေါင်းဆောင်တွေ တွေ့ဆုံကြမယ်လို့ သိရပါတယ်။