တပ်မတော်သား ကိုယ်စားလှယ်တွေကို တဖြည်းဖြည်းလျှော့ချရမယ် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဒီမိုကရေစီစနစ်ဆိုတာ ရွေးကောက်ခံမဟုတ်သူတွေ လွှတ်တော်မှာ ကိုယ်စားပြုခွင့် မရှိကြောင်းနဲ့ အမျိုးသားရင် ကြားစေ့ရေးအတွက် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်မှုကို တဖြည်းဖြည်းလျှော့ချရ မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲက နှုတ်ထွက်ပေးဖို့ မနေ့က ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သတင်းထောက်တွေက ဒီနေ့မေးမြန်း ရာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ဒီမိုကရေစီစနစ်မှာတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာမဟုတ်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်လေ့မရှိပါဘူး၊ ဒါနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကပြောထားပြီးသားပါ၊ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ တစ်ဆင့်ချင်းညှိနှိုင်းပြီးတော့ လျှော့သွားသင့်တဲ့ကိစ္စဆိုတာ အရင် နှစ်ထဲကတင်ပြပြီးသားဖြစ်ပါတယ်"

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကန့်ကွက်ခဲ့ကြတဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေကို နှုတ် ထွက်ပေးဖို့ ကျောင်းသူ ကျောင်းသားတွေက ရန်ကုန် မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲဟာ ခွင့်ပြုချက်မယူဘဲ ပြုလုပ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက်က နှစ်ကြိမ်တားမြစ် ခဲ့ပါတယ်။

အဲဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြတာကို ဥပဒေဘောင်အတွင်းက ဆောင်ရွက်စေချင်ကြောင်းနဲ့ တစ်ချိန်တည်းမှာလည်း ဥပဒေတွေဟာလည်း မျှတမှု ရှိဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ ပါတယ်။