နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ လုံခြုံရေးအတွက် စီမံ ခန့်ခွဲရသူ နိုင်ငံတော်သမ္မတရုံး၊ လုံခြုံရေးဌာနကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး ကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ အောက်တိုဘာ ၁၃ ရက် ဒီနေ့မှာ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ (၁) (ဂ) နဲ့ ထောင် ၁၀ နှစ် ချမှတ် လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းယု ခေါ် ကိုဂျင်မီကို စစ်ကောင်စီက ဖမ်းဆီးရမိစဉ် ကိုဂျင်မီဖုန်းထဲမှာ ဦးအောင်နိုင်ဦးနဲ့ ဆက်သွယ်ထားကြောင်း တွေ့ရှိခဲ့တယ်လို့ စွပ်စွဲပြီး မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ (၁) (ဂ) နဲ့ အရေးယူခံခဲ့ရတာလို့ ဆိုပါတယ်။
ဦးအောင်နိုင်ဦးဟာ အရင်စစ်အစိုးရလက်ထက် ၁၉၉၀ အလွန်ကာလတွေက ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့နေအိမ်မှာ အကျယ်ချုပ်ကျနေစဉ် ရဲအရာရှိငယ်ဘဝနဲ့ ကာလအတန်ကြာ စောင့်ကြပ်ဖူးသူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်မှာ သမ္မတရုံးရဲ့ လုံခြုံရေးအရာရှိတာဝန်ယူခဲ့သူလို့ သူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"သမ္မတရုံးက လုံခြုံရေးဌာနကနေမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေ၊ ဒါမှမဟုတ် အပြင်ပွဲတွေ သွားတဲ့အခါ သူတို့က ကြိုသွားပြီး လုံခြုံရေးအတွက် စီမံခန့်ခွဲရသူပေါ့။ ရဲတွေ၊ ဘာတွေကိုလည်း သူတို့က ပြန်ခိုင်းပြီး လုံခြုံရေးစီမံခန့်ခွဲတာတွေကို လုပ်တယ်"
အခုမိန့်ချလိုက်တဲ့ ပုဒ်မအပြင် နောက်ထပ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (က) အမှုအတွက်လည်း နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးမှာ ဆက်လက် တရားရင်ဆိုင်နေရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုံခြုံရေးတာဝန်ယူခဲ့ရသူ ရဲအုပ်ပြည့်ဖြိုးနိုင်နဲ့ ဒုရဲအုပ်ချယ်ရီထက်တို့ဟာလည်း စစ်ကောင်စီရဲ့ဖမ်းဆီးမှုကို ခံရပြီးနောက် ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခံထားရပါတယ်။
ဒုရဲအုပ်ချယ်ရီထက်ကတော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်သုံးနှစ်၊ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ ထောင်နှစ်နှစ်၊ စုစုပေါင်း ငါးနှစ် ချမှတ်ခံထားရပါတယ်။ ရဲအုပ်ပြည့်ဖြိုးနိုင်ကတော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပေဒေနဲ့ ထောင်သုံးနှစ် ချမှတ် ခံထားရပါတယ်။