မြစ်ဆုံစီမံကိန်းကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြော

2019-03-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်မြို့မှာ ၂၀၁၉ မတ် ၁၄ ရက်နေ့ကကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
ပြည်မြို့မှာ ၂၀၁၉ မတ် ၁၄ ရက်နေ့ကကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတစ်နိုင်ငံဟာ ကမ္ဘာရဲ့ယုံကြည်မှုရဖို့ စကားတည်ဖို့လိုကြောင်း၊ အရင်တုန်းကစခဲ့တဲ့ တချို့စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အခုအစိုးရလက်ထက်မှာမှ ဘယ်ဟာမှဂရုမစိုက်ဘူး၊ လုပ်ချင်ရာလုပ်မယ်ဆိုပြီး လုပ်လို့မရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ ပြောလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်မြို့မှာ ဒေသခံတွေနဲ့ ဒီနေ့တွေ့ဆုံရာမှာ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရရဲ့ သဘောထားကို ဒေသခံတစ်ယောက်က မေးမြန်းတာကို ဖြေကြားတဲ့အခါမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ဆုံစီမံကိန်း အပါအ၀င် ကြီးမားတဲ့ စီမံကိန်းတွေကို ပြည်သူတွေအနေနဲ့ အဖက်ဖက်ကနေ အမြင် ကျယ်ကျယ်နဲ့ စဉ်းစားစေချင်ကြောင်း၊ အစိုးရအနေနဲ့ တာဝန်သိသိနဲ့လုပ်ဆောင်မှာဖြစ်ပြီး ဆုံးဖြတ်ချက်ချတဲ့အခါ မှာလည်း ဘာကြောင့် ဒီလိုဆုံးဖြတ်တယ်ဆိုတာကို အများပြည်သူသိအောင် ရှင်းပြမယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည် က ပြောပါတယ်။

မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရရဲ့ သဘောထားကို ပြည်မြို့ ဒေသခံတစ်ယောက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီနေ့တွေ့ဆုံစဉ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို  ပြန်လည် ဖြေကြားလိုက်ပါတယ်။

"မြစ်ဆုံစီမံကိန်းပဲဖြစ်ဖြစ်၊ ဘယ်လိုပဲကြီးကျယ်တဲ့စီမံကိန်းတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ကျမတို့ပြည်သူလူထုကို အမြင်ကျယ်ကျယ်နဲ့ အဖက်ဖက်ကနေ စဉ်းစားစေချင်တယ်၊ စီးပွားရေးဘက်ကလည်း စဉ်းစားရတယ်၊ လူမှုရေး ဘက်ကလည်း စဉ်းစားရတယ်၊ နိုင်ငံရေးဘက်ကလည်း စဉ်းစားရတယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်က လည်း စဉ်းစားရတယ်၊ တစ်ခုတည်းကို စဉ်းစားလို့ရှိရင် မှားသွားလိမ့်မယ်၊ စီးပွားရေးဘက်က စဉ်းစားတယ် ဆိုရင်တောင်မှ ရေရှည်စဉ်းစားရပါတယ်၊ စီးပွားရေးနဲ့ နိုင်ငံရေးနဲ့ ဆက်စပ်နေတာ ဘာလဲဆိုတော့ ကျမတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် ကျမတို့နိုင်ငံဟာကမ္ဘာ့ရဲ့ ယုံကြည်မှုရဖို့အတွက်၊ ကျမတို့က စကားတည်ဖို့လိုတယ်နော်၊ အခုတစ်မျိုး၊ အခုတစ်မျိုး စကားပြောလို့မရပါဘူး၊ တစ်ချို့စီမံကိန်းကြီးတွေဟာ အရင်တုန်းက စတင်ခဲ့တဲ့ စီမံကိန်းကြီးတွေကို ကျမတို့အစိုးရတက်ပြီ၊ ဘယ်ဟာမှဂရုမစိုက်တော့ဘူး၊ လုပ်ချင်တာလုပ်မယ် ပြောလို့မရဘူး၊ အဲလိုပြောလို့ရှိရင် ဒီနိုင်ငံဟာ ဘယ်တော့မှအားကိုးရတဲ့နိုင်ငံ မဟုတ်ဘူး၊ အစိုးရတစ်ခုတက်ရင်တမျိုး၊ ငါတို့ ဒီနိုင်ငံနဲ့ ဘာမှမလုပ်တာပဲကောင်းတယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကမ္ဘာကြီးမှာ ဖြစ်သွားလို့ရှိရင် ကျမတို့နိုင်ငံ ထိခိုက်တယ် "

ဒါ့အပြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပိုင်းကိုလည်း အစိုးရအနေနဲ့ တာဝန်သိသိနဲ့ လုပ်သွားမှာဖြစ်ပြီး ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း အများပြည်သူကို ရှင်းပြသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က အခုလို ဆက်ပြောပါတယ်။

"ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့နေရာမှာ ပတ်ဝန်းကျင်ကို မပြောင်းမလဲရေးကို ကျမတို့ပြောတာမဟုတ်ဘူး၊ ပတ်ဝန်းကျင် မပျက်စီးရေးကို ပြောနေတာ၊ သဘာဝပတ်ဝန်းကျင်ကို လုံးဝမပြောင်းလဲအောင် ကျမတို့လုပ်မယ် ဆိုရင် ကျမတို့ ဘယ်တော့မှ တိုးတက်မှုရှိနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ တာဝန်သိသိနဲ့ လုပ်မှာပါ၊ ဆုံးဖြတ်ချက်ချလို့ရှိရင် အများပြည်သူသိအောင် ဘာကြောင့်၊ ဘာကြောင့်ဆိုတာကို ရှင်းပြမှာ ဖြစ်ပါတယ်"

ဒီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူတွေအပါအ၀င် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အဖွဲ့တွေအားလုံးက အစဉ်တစိုက် ကန့်ကွက်နေခဲ့ကြတာ ဖြစ်ပါတယ်။

အဲလိုကန့်ကွက်နေတဲ့အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ မြန်မာ့အစိမ်းရောင် ကွန်ယက်အဖွဲ့မှာ ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က အခုလို သူ့ရဲ့အမြင်ကို ပြောပါတယ်။

"ကျနော်တို့က ခေါင်းဆောင်က သတ္တိနည်းလာပြီဆိုရင် နောက်ကလူတွေက ဘယ်လိုလုပ်မလဲ၊ ထိုင်းတို့၊ မလေးရှားတို့၊ သီရိလင်္ကာတို့မှာ ပြန်ပြင်ချုပ်ထားတာတွေရှိတယ်၊ နိုင်ငံတကာမှာပဲ မိမိအကျိုးစီးပွား သိပ်နစ်နာ လို့ရှိရင် ပြန်ပြင်ချုပ်တာတွေရှိတယ်၊ လက်ပံတောင်းဆိုရင် ကျနော်တို့ အပြင်းအထန်ကန့်ကွက်တယ်၊ မီးလောင်ဗုံးတွေနဲ့ ပစ်တယ်၊ ဒဏ်ရာတွေရတယ်၊ ဒါပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်လုပ်ဖို့လို့ မီးစိမ်းပြလိုက်တဲ့အတွက်ကြောင့် ကျနော်တို့တွေ နောက်ဆုံးမှာ လက်လျှော့လိုက်ရတယ်၊ အဲတော့ သူက ကျနော်တို့ ပြည်သူတွေဘက်ကလိုက်ပေးတာ ဘာတွေရှိလဲ၊ အခုမြစ်ဆုံလည်း သူကလျှော့ဦးမယ်ဆိုလို့ရှိရင်တော့ သူကကျနော်တို့နိုင်ငံတော်ရဲ့ သစ္စာဖောက်ပဲဖြစ်သွားလိမ့်မယ်၊ ကျနော်တို့ တိုင်းပြည်ရဲ့ ရေမြေတွေအပေါ်မှာ စစ်တပ်ကိုကြောက်ပြီးတော့ အကြောက်တရားနဲ့လုပ်နေတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်သွားလိမ့်မယ် "

နိုင်ငံအရမ်းနစ်နာနိုင်တဲ့အတွက် ရှေ့က အမှားလုပ်ထားတဲ့ဟာကို မှားမှန်းသိသိနဲ့ နောက်ကဆက်လုပ်မှာကို လက်မခံနိုင်ကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင် က ပြောပါတယ်။

"ဆရာတို့ကတော့ ပတ်ဝန်းကျင်နဲ့ နိုင်ငံနဲ့ လူမျိုးပဲကြည့်တာကိုး၊ နိုင်ငံပေါ်မှာ အကျိုးရှိမှု အကျိုးယုတ်မှု ဒီအပေါ်မှာ Check and Balance လုပ်တဲ့အခါ ဒါမလုပ်သင့်ဘူးဆိုတဲ့အဖြေက ဆရာတို့က ရပြီးသားလေ၊ မြန်မာပြည်မှာ တစ်ခြားမြစ်တွေအများကြီးရှိပါတယ်၊ အသေးစားအလတ်စားတွေလုပ်တာဆိုတာက တမျိုးလေ၊ အခုဟာက တကယ့်နေရာကြီးကို အညှာသွားပြီးလုပ်တာဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူးလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ရအောင်ညှိရမှာပေါ့၊ သိပ်လုပ်လိုက်ရင် သိပ်နစ်နာသွားမယ်လေ တိုင်းပြည်က ရှေ့က လုပ်တာက လုပ်တာပဲလေ၊ လုပ်တာကြီးက မှားမှန်းသိရဲ့သားနဲ့ နောက်ကဆက်ပြီး လုပ်မယ်ဆိုရင်တော့ ဆရာ့အနေနဲ့ကတော့ လက်မခံနိုင်ဘူး"

အခုနောက်ပိုင်းမှာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်ဘက်ကနေ မြစ်ကြီးနားဒေသခံတွေကို စည်းရုံးပြောဆို တာတွေ၊ လက်ရှိအာဏာရပါတီရဲ့ တာဝန်ရှိသူတချို့ တရုတ်နိုင်ငံကို မကြာခဏသွားရောက်နေတာတွေကြောင့် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ဖြစ်လာတော့မလားလို့ ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေရှိနေကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

ဒေါ်စုလည်းအလကားပါ သူ့အဖေအောင်ဆန်းလိုသတ္တိမရှိဘူး အောင်ဆန်းကဂျပန်တောင်ပြန်တိုက်တယ် သူ့အဖေရဲ့ဗျူဟာတွေကိုပြန်လေ့လာဖို့လိုတယ်

Mar 15, 2019 07:52 AM

အမည်မဖော်လိုသူ

တိုင်းပြည်တိုင်း အဲဒီတိုင်းပြည်ကပြည်သူတွေနဲ့တန်တဲ့အစိုးရပဲရလိမ့်မယ်။ Joseph de Maistre

Mar 14, 2019 11:15 AM

ဆိုက်တခုလုံးသို့