လူငယ်တွေ ရရာအလုပ်ကို ရှာလုပ်ကြဖို့နဲ့ အလုပ်လုပ် တတ်တဲ့ အလေ့အကျင့်ကို မွေးမြူကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်ကို လာရောက်လေ့လာခဲ့တဲ့ စစ်တိုင်းတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ နဲ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
"အလုပ်မရှိတဲ့ ဘွဲ့ရလူငယ်တွေဆိုလို့ရှိရင် ကိုယ်တတ်နိုင်သမျှတော့ အလုပ်ရှာပြီးလုပ်ရမယ်၊ ကိုယ်လိုချင်တဲ့အလုပ် မရလို့ဆိုပြီးတော့ အိမ်မှာထိုင်နေတာမျိုးတော့ မလုပ်ကြနဲ့၊ အဲဒါဘယ်သူ့ကိုမှ အထောက်အကူမပြုဘူး၊ ဘာပဲဖြစ်ဖြစ်ပေါ့ အတွေ့အကြုံပဲဆိုပြီးတော့ ရရာအလုပ်ကိုတော့ ကိုယ်လိုချင်တဲ့အလုပ်မျိုး မရခင်လုပ်ပါ"
ဒါ့အပြင် နိုင်ငံတွေမှာ အလုပ်လက်မဲ့နှုန်း များပြားရတာဟာ နိုင်ငံရဲ့စီးပွားရေး၊ ပညာရေးနဲ့ စီမံခန့်ခွဲမှု လိုအပ်ချက်တွေကြောင့် ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့တုန်းကလည်း လွှတ်တော်ကိုလာရောက်လေ့လာတဲ့ ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ၂၀၀ ကျော်နဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။