မြန်မာနိုင်ငံမှာ ဂြိုဟ်တုကတစ်ဆင့်ဖမ်းယူရတဲ့ Starlink အင်တာနက်ဝန်ဆောင်မှုကို SpaceX ကုမ္ပဏီဘက်က ပိတ်ပင်တာတွေ ဆက်တိုက် လုပ်လာတာကြောင့် စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ ဒေသတွေက လူနေမှုဘဝနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေကို ဖုန်းလိုင်း နဲ့ အင်တာနက် ဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက် ရရှိရေးကစလို့ လူသားချင်းစာနာထောက်ထားမှု အကူညီပေးရေးတွေမှာ လိုအပ်တဲ့ အင်တာနက်အတွက် Starlink ကို အဓိက အားထားနေရတာပါ။
Starlink ရဲ့ မိခင်ကုမ္ပဏီ Space X ရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ လောရင် ဒရိုင်ယာ (Lauren Dreyer) က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလထဲမှာ ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းက ကျားဖြန့် ငွေလိမ်ဂိုဏ်းလို့ သံသယရှိတဲ့ starlink စက် အလုံး ၂၅၀၀ ကျော်ကို ပိတ်ပင်ခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ယက် X မျက်နှာမှာ ပြောကြားခဲ့ပြီး အင်တာနက်ဟာ အကျိုးပြုလုပ်ငန်းတွေအတွက်ဖြစ်ရမယ်ဆိုတဲ့ ကုမ္ပဏီ ရည်မှန်းချက်အတိုင်း အသုံးပြုသူတစ်ဦးချင်းကို စိစစ်ပိတ်နေတာလို့ ပြောခဲ့ပါတယ်။ အဲဒီလိုပြောခဲ့အပြီးမှာပဲ အခုတစ်ခါ မြန်မာပြည်ထဲက Starlink တွေ အသုံးပြုသူတွေကို ပိတ်ပင်လာတာ ဖြစ်ပါတယ်။

Starlink အင်တာနက် ပြတ်တောက်သွားတာကြောင့် နိုင်ငံအနှံ့က ဒုက္ခသည်တွေအနေနဲ့ အချိန်နဲ့တပြေးညီ အကူအညီ အထောက်အပံ့ ရရှိနိုင်ဖို့ နှောင့်နှေး ခက်ခဲသွားလိမ့်မယ်လို့ အညာဒေသမှာ ဒုက္ခသည်အရေး ကူညီနေတဲ့ မအေးမြင့်အောင်အောင်က RFA ကို ပြောပါတယ်။
“လူသားချင်းစာနာ ကူညီမှုဆိုတာက အချိန်နဲ့တပြေးညီ တချို့အခြေအနေတွေမှာ အရေးပေါ်ကူညီရတာတွေ ရှိတယ်။ အချိန်နဲ့တပြေးညီ ကူညီရတဲ့ လုပ်ငန်းစဉ်တွေမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ အလှူရှင်တွေနဲ့ ကျွန်တော်တို့က ချိတ်ဆက်ဖို့လိုအပ်တယ်။ အဲဒီလို ချိတ်ဆက်တဲ့အခါမှာလည်း စတားလင့်ခ်ရနေမှ အဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ Starlink ပြတ်တောက်သွားတဲ့အခါ ကျွန်တော်တို့အနေနဲ့ အချိတ်အဆက်ရရှိမှုက အတော်လေးအခက်အခဲရှိသွားတယ်။ ခက်ခဲမှုရှိသွားပြီးတော့ တစ်ဖက်မှာလည်း ပြည်သူလူထုကို ကူညီမှုမှာအတော်လေးကို နှောင့်နှေးပြီး ကြန့်ကြာသွားမယ်လို့ ထင်ပါတယ်”
ဇူလိုင်လ အစောပိုင်းကစပြီး မြန်မာပြည်က Starlink အသုံးပြုသူတွေထံ ကုမ္ပဏီဘက်ကနေ Starlink အသုံးပြုခွင့် ကန့်သတ်ထားတဲ့ နေရာမှာ အသုံးပြုနေတာကြောင့် ပိတ်ပင်သွားမဲ့အကြောင်း အကြောင်းကြားစာ email ပို့ခဲ့ပြီးနောက် တချို့စက်တွေ အင်တာနက် အသုံးပြုလို့မရတော့တာတွေ ရှိလာတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းနဲ့မကွေးလိုဒေသမှာ လက်နက်ကြီး၊ ဒရုန်းနဲ့ ပါရာမိုတာလို လေကြောင်းရန်နဲ့ မြေပြင်စစ်ကြောင်းတွေရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ဒေသခံတွေဟာ မကြာခဏ စစ်ဘေးရှောင်နေကြရပြီး ဒုက္ခသည်တွေအချင်းချင်း အန္တရာယ်ကာကွယ်ဖို့ဖြစ်စေ၊ ချိတ်ဆက် ကူညီဖို့ဖြစ်စေ Starlink အင်တာနက်လိုင်းက အဓိက အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။
အင်တာနက် ပြတ်တောက်တာကြောင့် လူသားချင်း စာနာမှု အကူအညီပေးရေး သာမက စစ်ရေးလုံခြုံရေးပိုင်းမှာပါ ထိခိုက်မှုတွေ ကြုံလာရနိုင်တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုအောင်စည်က RFA ကို ပြောပါတယ်။
“အင်တာနက်ပြတ်တောက်မှုက စစ်ရေးကြောင့် ကျွန်တော်တို့ လူထုကိုကယ်တင်တဲ့နေရာမှာလည်း အဖွဲ့အစည်းအချင်းချင်း ချိတ်ဆက်ရမှာဆိုရင် ဥပမာ-အန္တရာယ်ကင်းရှင်းရေးစောင့်ကြည့်ရမဲ့ အနေအထားတွေ။ ကူညီကယ်ဆယ်ရေးတွေဆိုလည်း လူသားချင်းစာနာအဖွဲ့တွေကို မြေပြင်ကိုလွှတ်တဲ့အခါမှာ ဘေးကင်းအောင် ဘယ်လမ်းကြောင်းကနေ ဘယ်လိုဝင်မယ်။ ဘယ်လိုထွက်ပါဆိုတာက အင်တာနက်ကနေ တချို့နေရာမှာ အသုံးပြုရတာရှိတယ်။ အဲဒီအခါကျတော့ အင်တာနက်ချိတ်ဆက်မှု မရှိတော့ရင် အခက်အခဲ အများကြီးကြုံရနိုင်တယ်။ လုံခြုံရေးအပိုင်းရော ဒီလူထုအတွက်ပါ အရမ်းကိုထိခိုက်ပါတယ်”
Starlink အင်တာနက် အသုံးပြုလို့မရတော့ရင် စစ်ရေး သတင်းအချက်လက်နဲ့ လေကြောင်းရန် သတိပေးချက်တွေကို အချိန်နဲ့ တပြေးညီ ရရှိဖို့ ခက်ခဲလာပြီး ဒေသခံတွေ ထိခိုက်နစ်နာမှု ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

ပြည်တွင်း၊ ပြည်ပက အကူအညီထောက်ပံ့ရရှိဖို့ သာမက နိုင်ငံရပ်ခြားမှာ အလုပ်ထွက်လုပ်နေတဲ့ မိသားစုဝင်တွေက ပေးပို့တဲ့ ငွေကြေး လက်ခံရရှိဖို့ ခက်ခဲလာမှာကိုလည်း စစ်ဘေးဒုက္ခသည်တွေ စိုးရိမ်နေကြတယ်လို့ မန္တလေး စဉ့်ကူးမြို့ကနေ စစ်ကိုင်းတိုင်းထဲ စစ်ဘေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“တော်တော်များများ စစ်ရှောင်ပြည်သူတွေက စတားလင့်တွေနဲ့ ပတ်သက်လို့ အွန်လိုင်းနဲ့ပတ်သက်လို့ သူတို့နဲ့ဆက်နွယ်ပြီး စားဝတ်နေရေး ဖြေရှင်းနေရတာ အများကြီးပဲလေ။ လူသားစာနာအထောက်အပံ့တွေ နိုင်ငံတကာရဲ့ အထောက်အပံ့တွေ နောက်ပြီးတော့ တချို့တွေကျတော့လည်း မိသားစုတွေက တခြားနိုင်ငံမှာထွက်ပြီး အလုပ်လုပ်နေကြတာဆိုတော့ လုပ်အားခရတဲ့ ပိုက်ဆံလေးတွေကို ဒီဘက်က စစ်ရှောင်နေကြတဲ့ မိသားစုကို ပြန်ပြီးလွှဲပေးတာတွေ စားဝတ်နေရေးပြေလည်အောင် နိုင်ငံခြားထွက်အလုပ်လုပ်ပြီး နောက်ကစစ်ရှောင်မိဘတွေကို ကျွေးနေရတဲ့ ငွေရေးကြေးရေး ခက်ခဲနေတဲ့သူတွေ ဒါတွေလည်း အခက်အခဲဖြစ်လာမှာပဲလေ”
အင်တာနက် ပြတ်တောက်မှုဟာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍအားလုံးကို ထိခိုက်စေပြီး စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ ဒေသက ပြည်သူတွေရဲ့ လူနေမှုဘဝကို ကြီးကြီးမားမား ထိခိုက်စေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ရဲ့ ဒစ်ဂျစ်တယ် အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ Myanmar Internet Project ရဲ့အခုလအတွင်း ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်းပြီးနောက် မြို့နယ်ပေါင်း ၃၃၀ အထဲက ၈၀ ကျော်ဟာ အင်တာနက်နဲ့ဆက်သွယ်ရေးဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် လူပေါင်း ၁၃ သန်းလောက်ဟာ Starlink အင်တာနက်ကို အားထားနေရတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် စတားလင့်ခ်အင်တာနက် ပိတ်ဆို့ဖြတ်တောက်မှုဟာ နိုင်ငံအတွင်းက လူပေါင်း ၁၃ သန်းလောက်ကို ရိုက်ခတ်မှုရှိလာနိုင်မှာ ဖြစ်ပါတယ်။
ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို ပစ်မှတ်ထား ပိတ်ဆို့တာကို ကြိုဆိုပေမဲ့ Starlink အင်တာနက် ပိတ်ပင်မှုကြောင့် အရပ်သား အခြခံဆက်သွယ်ရေးလိုအပ်ချက်နဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးတွေကို မထိခိုက်အောင် အချက်အလက်အခြေခံပြီး ဒုစရိုက်လုပ်ငန်းလုပ်တဲ့နေရာတွေကိုပဲ စုံစမ်းစစ်ဆေး ပစ်မှတ်ထားပိတ်ပင်ပေးဖို့၊ ငွေလိမ်ဂိုဏ်းတည်နေရာ မဟုတ်တဲ့ အသုံးပြုသူတွေ ပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့နဲ့ မြန်မာပြည်တွင်းက လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အသုံးပြုနေသူတွေဟာ လူသားချင်း စာနာမှု အဖွဲ့အစည်းလား၊ ဒုစရိုက်လုပ်ငန်းလုပ်တဲ့အဖွဲ့လားဆိုတာ စစ်ဆေးဖော်ထုတ် အရေးယူဖို့ကို ဒီဂျစ်တယ် လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားနေတဲ့အဖွဲ့ Myanmar Internet Project အဖွဲ့ အပါအဝင် မြန်မာ အရပ်ဘက်အဖွဲ့ ၃၀၀ ကျော်က ပူးတွဲထုတ်ပြန်ချက်တစ်စောင် ဇူလိုင်လ ၁၈ ရက်နေ့က ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။
ဒီလိုတောင်းဆိုချက်နဲ့ပတ်သက်ပြီး SpaceX ကုမ္ပဏီရဲ့ သဘောထားမှတ်ချက်ရရှိဖို့ RFA က ကြိုးစားနေပြီး ဒီသတင်းထုတ်ပြန်ချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ချက်မရရှိသေးပါဘူး။
