အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို တရားဝင်ဖိတ်ကြားခဲ့တဲ့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ စစ်တပ်ခန့်အစိုးရကို တရားဝင်မှု မပေးဘဲ ခရီးစဉ်ကို ပြန်လည်သုံးသပ်ပေးဖို့ Justice For Myanmar (JFM) က ဩဂုတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုပါတယ်။
ဦးမင်းအောင်လှိုင်ဟာ ဩဂုတ်လ ၆ ရက်နဲ့ ၇ ရက် ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလို၊ ထိုင်း-မြန်မာစီးပွားရေးကောင်စီကတစ်ဆင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။
ဒီလိုလက်ခံတွေ့ဆုံတာက စစ်အုပ်စုကို တရားဝင်မှုပေးအပ်ရာရောက်ပြီး မြန်မာ့အကျပ်အတည်းကို ပိုမိုရှည်ကြာစေမှာဖြစ်တယ်လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။
“ဒီခရီးစဉ်ကနေတစ်ဆင့် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို မှားယွင်းတဲ့တရားဝင်မှု ပေးအပ်မယ့် ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ကို JFM က ရှုတ်ချပါတယ်။ တရားမဝင် မြန်မာစစ်အုပ်စုကို ငြင်းပယ်ခြင်းကသာ လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးနဲ့ မြန်မာ၊ ထိုင်းနဲ့ ဒေသတွင်း ရေရှည်လုံခြုံဘေးကင်းရေးကို အာမခံနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ ဖြစ်ပါတယ်”
ထိုင်းအစိုးရဟာ စစ်အုပ်စုနဲ့ စစ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်ပြီးတိုးမြှင့်နေတာကြောင့် မြန်မာစစ်တပ် ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်နိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ JFM က ထောက်ပြထားပြီး စစ်အုပ်စုဆီ ငွေကြေး၊ လက်နက်နဲ့ လေယာဉ်ဆီ စီးဆင်းမှုတွေကို ဖြတ်တောက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
JFM ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ထိုင်းအစိုးရဘက်က တုံ့ပြန်ချက်ကို မတွေ့ရသေးပါဘူး။
စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ စစ်တပ်ခန့်အစိုးရအဖွဲ့မှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်က မေလကုန်ပိုင်းကစလို့ အိန္ဒိယ၊ တရုတ်နဲ့ လာအိုနိုင်ငံတွေကို သွားရောက်ခဲ့ပြီး၊ အခု ထိုင်းခရီးစဉ်ဟာ လေးကြိမ်မြောက် နိုင်ငံခြားခရီးစဉ် ဖြစ်လာပါတယ်။
အာဆီယံအဖွဲ့ကတော့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် ဖော်ဖို့ စစ်တပ်ခန့်အစိုးရကို ဆက်လက်တိုက်တွန်းထားပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း စစ်တပ်ခန့်အစိုးရရဲ့ အဆင့်မြင့် ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပါတယ်။
