အမိနိုင်ငံ တိုးတက်ရေး ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပြည်ပရောက် မြန်မာတွေအနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

စင်္ကာပူ မြန်မာအသင်းက ကမကထပြုကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်္ကာပူရောက်မြန်မာများ တွေ့ဆုံပွဲမှာပြောကြားခဲ့တာပါ။

"ကျမတို့နိုင်ငံကို ပြန်တာမပြန်တာနဲ့လည်း မဆိုင်ဘူး၊ တချို့ကျတော့ တခြားနိုင်ငံတွေမှာ အခြေချတယ်၊ အဲဒီမှာပဲ မိသားစုတွေရှိပြီးတော့ အဲဒီနိုင်ငံတွေမှာပဲ ဘဝဆုံးခန်းတိုင်နေသွားမယ်လို့ ရည်ရွယ်ချက်တွေရှိပေမယ့်လည်း ကျမတို့ကြားမှာရှိတဲ့ သံယောဇဉ်တွေ၊ ကျမတို့ကြားမှာရှိတဲ့ တပြည်တည်းကနေပြီးတော့ မွေးဖွားလာတယ်ဆိုပြီးတော့ ဆက်နွယ်မှုတွေကတော့ အမြဲရှိနေမှာပဲ၊ ဒါကြောင့်မို့လည်း စေတနာတွေကလည်း ရှိနေမယ်လို့တော့ ကျမဒီလိုပဲ ယုံကြည်ပါတယ်၊ ဒါကြောင့် ကျမတို့နိုင်ငံ တိုးတက်ဖို့အတွက် ဘယ်လိုဝိုင်းပြီးတော့ အကြံဉာဏ်တွေပေးနိုင်မလဲ၊ ဘယ်လိုဝိုင်းပြီးတော့ လုပ်ပေးနိုင်မလဲဆိုတာကို ကျမအမြဲပဲ စိတ်ဝင်စားပါတယ်၊ လက်တော့ကျကျ မလုပ်ပေးနိုင်ဘူးဆိုရင်တောင်မှ စေတနာထားပြီးတော့ ကျမတို့ကို အကြံဉာဏ်ပေးချင်တယ် ဆိုလို့ရှိရင်လည်း ဒါအများကြီးပဲ တန်ဖို့ရှိပါတယ်"

ဒါ့ပြင် မြန်မာနိုင်ငံအခြေအနေ တိုးတက်ကောင်းမွန်လာတဲ့အထိ စောင့်ဆိုင်းမနေဘဲ၊ မြန်မာနိုင်ငံအပြောင်းအလဲမှာ ကိုယ်တိုင်ပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

"ကိုယ်ဖြစ်စေချင်တဲ့ အခြေအနေတွေ ဖြစ်လာအောင်လို့ ပြန်ပြီးတော့လုပ်ပေးပါ၊ အဲဒီအခြေအနေတွေ ဖြစ်ပေါ်လာတဲ့အထိ မစောင့်ပါနဲ့လို့ ကျမဒီလိုပဲ မေတ္တာရပ်ခံပါတယ်"


စင်္ကာပူမှာ ပညာသင်ယူနေကြတဲ့ မြန်မာကျောင်းသားတွေနဲ့ သီးသန့်တွေ့ဆုံခဲ့ရာမှာတော့ ပညာသင်ကြားပြီးတဲ့အခါ အမိနိုင်ငံကို ပြန်လာကြဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်္ကာပူရောက်မြန်မာများ တွေ့ဆုံပွဲမှာ တက်ရောက်သူ ၆ ထောင်နီးပါးရှိတယ်လို့ စင်္ကာပူသတင်းမီဒီယာတွေက ဖေါ်ပြကြပါတယ်။

စကာၤပူနိုင်ငံရောက် မြန်မာနိုင်ငံသားအရေအတွက်နဲ့ ပတ်သက်ပြီး တရားဝင်စာရင်းဇယား အတိအကျမရှိပေမဲ့၊ အကြမ်းဖျင်း တစ်သိန်းခွဲဝန်းကျင်ရှိမယ်လို့ စင်္ကာပူ မြန်မာအသင်းက ခန့်မှန်းပါတယ်။