မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ရာမှာဖြစ်စေ၊ အကူအညီပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာ မှာဖြစ်စေ တိုင်းရင်းသားဒေသတွေမှာပါ ရင်းနှီးမြှုပ်နှံကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
နေပြည်တော်မှာ ဒီကနေ့ ဆက်လက်ကျင်းပနေတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် နောက်ဆုံးနေ့မှာ အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသားပြည်နယ်တွေမှာ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေမယ်ဆိုရင် ရေရှည်မှာ မြန်မာနိုင်ငံဟာ ကြီးမားတဲ့ နိုင်ငံရေးပြဿနာနဲ့ ကြုံတွေ့ရနိုင်တာကြောင့် အခုလိုတိုက်တွန်းရတာလို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
တိုင်းရင်းသားပြည်နယ်တွေမှာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ပိုဆောင်ရွက်ပေးခြင်းအားဖြင့် အဲဒီလိုလုပ်ငန်းတွေဟာ ဒေသဖွံ့ဖြိုးရေးအတွက်တင်မကပဲ တိုင်းရင်းသားတွေအားလုံး ပိုစည်းလုံး ညီညွှတ်အောင် ဆောင်ရွက်ပေးခြင်းလည်းဖြစ်ပါတယ်။
ဗမာလူမျိုးတစ်မျိုးတည်းသာ ချမ်းသာပြီး ကျန်တဲ့တိုင်းရင်းသားဒေသတွေ ဆင်းရဲနေတယ်ဆိုရင် ရေရှည်မှာ ကြီးမားတဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
နေပြည်တော်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ နောက်ဆုံးနေ့မှာ သမ္မတဦးသိန်းစိန် ကလည်း ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေး ညီလာခံကို နိုင်ငံပေါင်း ၅ဝ ကျော်က နိုင်ငံ့ခေါင်းဆောင်တွေအပါဝင် စီးပွားရေးလုပ်ငန်းရှင်တွေ စုစုပေါင်း ၁ ထောင်ကျော်လောက် တက်ရောက်နေပါတယ်။
ဇွန်လ ၆ ရက်နေ့ ညနေပိုင်းက ကမ္ဘာ့စီးပွားရေးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေတာနဲ့ အလုပ်လက်မဲ့လူငယ်ထုအကြောင်းဆက်စပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောပြချက်ထဲက တချို့ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်နဲ့ မရတနာဦးက တင်ပြထားပါတယ်။