ထိုင်းရောက် မြန်မာတွေ ကို ဒေါ်အောင်ဆန်းစုကြည် ဦးစားပေးတွေ့ဆုံမယ်


2016.06.17
dassk-620.jpg ဒေါ်အောင်ဆန်းစုကြည် ကို ၂ဝ၁၄ ခုနှစ်က ချင်းပြည်နယ်ခရီးစဉ်တစ်ခုမှာ တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံကို သုံးရက်ကြာ သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများစု လုပ်ကိုင်နေကြတဲ့ မဟာချိုင်နဲ့ ထိုင်း-မြန်မာ နယ်စပ် မယ်လဒုက္ခသည်စခန်းတွေကို သွားရောက်မှာဖြစ် ပါတယ်။

မြန်မာရွှေပြောင်းလုပ်သားတွေ၊ ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီးနောက်မှသာ ထိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြော ပါတယ်။

"အလုပ်သမားစုစုဝေးဝေး အများကြီးရှိတဲ့နေရာဖြစ်တဲ့ဲ့ မဟာချိုင်ကအလုပ်သမားတွေနဲ့ တေ့ွမှာ ဆိုတာဖြစ်တဲ့အတွက် အဲ့ဒီမဟာချိုင်နယ်မြေမှာပဲ ကျနော်တို့ရှာထားရတာကိုး၊ ၂၃ ရက်နေ့ အလုပ်သမားတွေနဲ့တွေ့မယ်၊ ၂၄ ရက်နေ့ မြန်မာဒုက္ခသည်စခန်းတွေသွားမယ်၊ မလေးရှားအနီး ပတ်ဝန်းကျင် မယ်လဒုက္ခသည်စခန်းဘက်လို့တော့ အကြမ်းအားဖြင့်သိထားတယ်၊ ၂၅ ရက်နေ့မှာ ထိုင်းအစိုးရနဲ့ စကားပြောမယ်လို့ ပြောတယ်၊ ဒီအခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် အလုပ်သမားတွေ ဆီကရရှိတဲ့ သတင်းအချက်အလက်ရယ်၊ အဲ့ဒီဒုက္ခသည်စခန်းတွေရဲ့ အခင်းအကျင်းတွေရယ်၊ အကုန်လုံး စုပြုံပြီးတော့မှ ထိုင်းအစိုးရနဲ့ စကားပြောမယ်လို့ ကျနော်တို့ခန့်မှန်းတယ်"

ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာချိုင်က မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက် အလုပ်သမား အရေး ဆောင်ရွက်နေသူတွေကို စီစဉ်ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က အကူ အညီတောင်းထားတာကြောင့် စီစဉ်ပေးနေတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ရှောင်တခင် ဖမ်းဆီးမှုတွေလည်း ဆက်တိုက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေဟာ ဥပဒေအရ ထောင် ၄၈ ရက်ကျခံရပြီး လွတ်မြောက်လာတဲ့အခါ ထိုင်း-မြန်မာ နယ်စပ်ကို ပြန်လည်ပို့ဆောင်ခံကြရတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၅ သန်းခန့်ရှိပြီး တရားဝင်မှတ်ပုံတင်ပြီး အလုပ်လုပ်နေတဲ့ လုပ်သားပေါင်းဟာ ၁. ၅ သန်းသာ ရှိတာဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထား ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။