မန္တလေးမြို့က ဒေါင်းစစ်သည်သပိတ် ဖြိုခွင်းခံရ

မန္တလေးမြို့မှာ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဆန္ဒပြဖို့ လူစုနေတဲ့ ဒေါင်းစစ်သည် သပိတ်စစ်ကြောင်း ဟာ ဒီကနေ့ ဧ​ပြီ ၂၆ ရက်နေ့၊ ညနေ ၄ နာရီလောက်က ၃၂ လမ်း၊ လမ်း ၆၀ နဲ့ ၆၁ လမ်းကြားမှာ စစ်ကောင်စီ တပ်က သေနတ်နဲ့ပစ်ခတ်ပြီး လာရောက်ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

"ဆန္ဒပြဖို့ လူစုနေတုန်း စစ်သားတွေ ကား သုံးစီးနဲ့ ရောက်လာတယ်။ သေနတ်နဲ့ပစ်တယ်။ အကုန် ထွက်ပြေးလာကြတော့ ဖမ်းခံရသူနဲ့ ဒဏ်ရာရသူ ရှိ၊ မရှိတော့ မသိရသေးဘူး"လို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့သူ တစ်ယောက်က RFA ကို ပြောပါတယ်။

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလို့မရအောင် စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်နေပေမယ့် ပြည်သူတွေဟာ နေ့စဥ် ဆန္ဒပြနေကြပါတယ်။