ဒေါ်အောင်ဆန်းစုကြည် လက်သီးနဲ့ အထိုးခံရမှု အယူခံကို နှစ် ၂၀ အကြာမှ ဆုံးဖြတ်

2022.09.06
ဒေါ်အောင်ဆန်းစုကြည် လက်သီးနဲ့ အထိုးခံရမှု အယူခံကို နှစ် ၂၀ အကြာမှ ဆုံးဖြတ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: Reuters

ခြံအမှတ် (၅၄) နေအိမ်ပြင်ဆင်မှု အငြင်းပွားချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်တစ်ဝမ်းကွဲ ဦးစိုးအောင်က ကိုယ်ထိလက်ရောက် လက်သီးနဲ့ ထိုးခဲ့တဲ့အမှုအတွက် ပြစ်ဒဏ်ချထားမှုကို နှစ်ပေါင်း ၂၀ ကြာတဲ့အချိန်မှ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက မူလပြစ်ဒဏ်တွေအတိုင်း အတည်ပြု ပေးလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဦးစိုးအောင်ဟာ အရင်စစ်အစိုးရလက်ထက် ၂၀၀၂ ခုနှစ် မေလ ၈ ရက်နေ့က ဒေါ်အောင် ဆန်းစုကြည်ကို အသိမပေးဘဲ ခြံအတွင်းက နေအိမ်ကို ပြင်ဆင်ဖို့ အလုပ်သမားတွေ ခေါ်လာတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ပြောဆိုချိန်မှာပဲ ဒေါ်အောင် ဆန်းစုကြည်ကို ကိုယ်ထိလက်ရောက် လက်သီးနဲ့ ထိုးခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်လို့ အဲဒီအချိန်တုန်းက နှစ်ဖက်အပြန်အလှန် တရားစွဲဆိုခဲ့ကြပြီး ဗဟန်း မြို့နယ်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ငွေဒဏ် ၅၀၀ ကျပ်၊ ဦးစိုးအောင်ကို ငွေဒဏ် ၁၀၀၀ ကျပ် အမိန့်ချခဲ့တာပါ။

အဲဒီအမိန့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က လက်မခံနိုင်တဲ့အတွက် ငွေဒဏ်မဆောင်ခဲ့ဘဲ ခရိုင်အဆင့် အယူခံ တင်သွင်းထားတာဖြစ်ပြီး နှစ်ပေါင်းများစွာ ကြားနာဆုံးဖြတ်တာ မလုပ် ဘဲ ဆိုင်းငံ့ထားခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့မှာတော့ စစ်ကောင်စီလက်အောက်ခံ အနောက်ပိုင်း ခရိုင်တရားရုံးက အမှုပြန်ခေါ်ကြားနာပြီး မူလပြစ်ဒဏ်တွေကိုပဲ အတည်ပြုလိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီအမှုကြီးက ကြာပြီ၊ ဒီအတိုင်း တန်းလန်းကြီးထားတာ။ ဟိုး ၂၀၀၂ ခုနှစ်ကဟာကြီး။ အခုကျတော့မှ လိုက်ရှာပြီးတော့ ပြဿနာရှာချင်တော့ အမှုပြန်ဖွင့်ပြီး အောက်ရုံးက အတည်ပြုလိုက်တာပေါ့။ အဲဒါကို မကျေနပ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ က တိုင်းအဆင့်ကို ရာဇဝတ်ပြင်ဆင်မှု တက်ထားတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ရန်ကုန်တိုင်းတရားလွှတ်တော်ကို ရာဇဝတ် ပြင်ဆင်မှု တက်ထားတာနဲ့ ပတ်သက်လို့ စက်တင်ဘာ ၆ ရက် ဒီနေ့ရုံးချိန်းမှာ လျှောက်လဲ ချက် ပေးခဲ့ပြီး အမှုကို လက်ခံ၊ မခံကိုတော့ ညနေပိုင်းမှာ တရားရုံးက ဆုံးဖြတ်ဖို့ ရှိနေတယ် လို့ သူက ဆိုပါတယ်။


တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) ရှိမှာရှိတဲ့ နေအိမ်နဲ့ ခြံဝင်းဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ အမွေဆိုင်ခွဲဝေမှု ပတ်သက်ပြီး ကာလကြာ ရှည် အငြင်းပွားနေခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကတော့ ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အနိုင်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရပြီး အဲဒီအထဲက အမှု ၁၁ မှုအတွက် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထား ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။