အငြင်းပွားလယ်မြေမှာ ခြံစည်းရိုး မခတ်ဖို့ ထားဝယ်တောင် သူတွေ တောင်းဆို


2015.02.27
dawei-farmers-fence-305.jpg ထားဝယ်မြို့သစ် စီမံကိန်းအတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့က လယ်မြေများကို ကုမ္ပဏီဘက်က ခြံစည်းရိုးခတ်ထားစဉ်
Photo: Tun Tun Win Facebook

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဆန်းချီရပ်ကွက် က မြေယာပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ လယ်မြေတွေပေါ်မှာ အဆောက်အဦးဆောက်လုပ် တာတွေ ခြံစည်းရိုးခတ်တာတွေမလုပ်ဖို့ တောင် သူတွေက ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ နဲ့ နှစ်ဖက်တွေ့ဆုံပွဲမှာ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ထားဝယ်မြို့က အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ လယ်သမားတွေ တွေ့ဆုံ ရာမှာ တောင်းဆိုခဲ့တာဖြစ်ကြောင်း တောင်သူ မရီရီထွေးက ပြောပါတယ်။

"ဒီအခုပြဿနာဖြစ်နေတဲ့နေရာမှာ လုံးဝမလုပ်ပါ နဲ့ပေါ့ ထပ်ပြီးတော့လေ၊ ပြဿနာဖြစ်နေတဲ့နေရာကို ကျမတို့နဲ့ ပြေလည်မှုမရခင်မှာလုံးဝမလုပ်ပါနဲ့ နားထားပေးပါလို့ပြောတယ်"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဆန်းချီရပ်ကွက်မှာ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက စုပေါင်းရုံးဆောက် လုပ်ဖို့ ခြံစည်းရိုးဝင်းခတ်တာကို လယ်သမားတွေက ဖျက်ဆီးလိုက်ပါတယ်။ အဲ့ဒီအတွက် လယ်သမား ၉ ဦးနဲ့ အကူအညီပေးနေတဲ့ ကျောင်းသား ၅ ဦး၊ စုစုပေါင်း ၁၄ ဦးကို ထားဝယ်မြို့နယ် ရဲစခန်းက မနေ့က ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့်ထားပါတယ်။

အဲ့ဒီလို အမှုဖွင့်ထားတာကို ရုပ်သိမ်းပေးဖို့ လယ်သမားတွေက တောင်းဆိုခဲ့ပေမဲ့ သေချာတဲ့အဖြေ မရခဲ့ဘူးလို့ လယ်သမားတွေက ပြောပါတယ်။

ထားဝယ်မြို့သစ်စီမံကိန်းအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်က ဆန်းချီရပ်ကွက် မှာရှိတဲ့ လယ်မြေဧက ၃ဝဝ ကျော်ကို သိမ်းယူခဲ့ပါတယ်။

လယ်မြေလျော်ကြေးတွေပေးခဲ့ပေမဲ့ လျော်ကြေးငွေလက်မခံတဲ့ လယ်သမားတွေလည်း ရှိနေပါတယ်။ လျော်ကြေး မယူထားတဲ့ လယ်မြေတွေမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက မကြာခဏ ခြံစည်းရိုးဝင်းခတ် နေတဲ့အတွက် လယ်သမားတွေနဲ့ ပြဿနာဖြစ်ပွားနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။