တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ တယ်လီဖုန်းတွေ့လို့ဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား စုစုပေါင်း ၂၀ ကျော်ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်စစ်ဆေးလို့ ဒဏ်ရာအပြင်းအထန်ရကြတဲ့အပြင်၊ သူတို့ကို တိုက်ပိတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
မတ်လ ၁၃ ရက်နေ့နဲ့ ၁၅ ရက်နေ့က ထောင်ထဲမှာ အထူးစစ်ဆေးရေးဝင်တဲ့အခါ လက်ကိုင်ဖုန်းတွေ့လို့ဆိုပြီး ရိုက်နှက်စစ်ဆေးတာဖြစ်ပါတယ်။ အရိုက်ခံရတဲ့အကျဉ်သား ၂၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးခန့်ပါတယ်လို့ ထားဝယ် နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ပြောပါတယ်။
ရိုက်နှက်စစ်ဆေးခံရတဲ့သူတချို့ ခေါင်းကွဲ၊ ခြေကျိုးတဲ့အပြင် လက်အဆစ်နဲ့ မျက်နှာတွေဖူးရောင်တာ ခန္ဓာကိုယ်အညိုအမည်းစွဲ ဒဏ်ရာတွေရထားတယ်လို့ သူက ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားထဲမှာ ခေါင်းကွဲတဲ့လူရှိတယ်။ ၂၀ ကျော်လုံးကို တိုက်ပိတ်တယ်ပေါ့လေ။ ထားဝယ်ထောင်မှာက အရင်ကတည်းက ဆေးပေးခန်းတစ်ခုပဲရှိတာ။ အဲဒီကနေ သောက်ဆေးရတယ်လို့ သိရတယ်။ ဒဏ်ရာပြင်းလို့ ပိုပြီးအရေးတယူ ကုသပေးတာမျိုးမရှိပါဘူး အခုထိတော့”
ဒဏ်ရာရရှိထားတဲ့ လူတွေကို ကောင်းကောင်းမွန်မွန် ဆေးကုသမပေးတဲ့အပြင် သီးသန့်အခန်းမှာ တိုက်ပိတ်ထားပြီး ဖုန်းတွေ့တဲ့လူတွေကို ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ ထောင် ၆ လ ထပ်တိုးသွားမယ်ဆိုပြီး ထောင်အာဏာပိုင်တွေက နှုတ်မိန့်ပြောသွားတယ်လို့ RFA ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ဖို့ နေပြည်တော်အခြေစိုက် အကျဉ်းဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးရုံးကိုရော စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကိုပါ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ထားဝယ်ထောင်မှာ အကျဉ်းသား တစ်ထောင်ကျော်ရှိတဲ့အနက် နိုင်ငံရေးအကျဉ်းသား လေးရာခန့်ရှိတယ်လို့ လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား နှစ်သောင်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။