ကချင်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးအပါအဝင် ဒေသခံလေးဦး သေဆုံး
2023.12.20
ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ ဗန်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒီဇင်ဘာ ၁၈ ရက်နေ့ တစ်ရက်တည်းမှာပဲ ကလေးတစ်ဦးအပါအဝင် ဒေသခံလေးဦး သေဆုံးခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့နယ် ဆွန်ဒူရွာကို ဒီဇင်ဘာ ၁၈ ရက် ည ၇ နာရီခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခဲ့တာကြောင့် သားအဖနှစ်ဦး သေဆုံးခဲ့ပြီး သံဃာတစ်ပါးနဲ့ ဒေသခံတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဆွန်ဒူရွာမှာ (KIA) က တပ်စွဲထားတာမရှိသလို စစ်ရေးလှုပ်ရှားတာလည်းမရှိဘဲ စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်ပစ်ခဲ့တာလို့ (KIA) သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"အဲဒီမှာက ကျွန်တော်တို့ (KIA) နဲ့ စစ်ရေးလှုပ်ရှားတာ တပ်စွဲထားတာ မရှိဘူး။ ဒါပေမဲ့ အဲဒီနေရာက မြစ်ကြီးနား-ဗန်းမော် ရေလမ်းကြောင်းအတွက် ခရီးတစ်ထောက်နေရာလို ဖြစ်တာပေါ့။ လိုင်ဇာဘက်ကနေ တပ်မဟာ (၈) ဘက်ကို သွားလာလှုပ်ရှားတဲ့လမ်းလို့ သူတို့ကသတ်မှတ်ပြီး အဲဒီရွာတွေကို ဖျက်ဆီးချင်လို့ လေကြောင်းနဲ့ပစ်တာ ဖြစ်နိုင်တယ်"
သေဆုံးခဲ့တဲ့ သားအဖနှစ်ဦးရဲ့ အမည်နဲ့ အသက်အရွယ် အတိအကျကိုတော့ လတ်တလော မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီနေ့မှာပဲ ဗန်းမော်မြို့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကနေ ပစ်လိုက်တဲ့လက်နက်ကြီးဟာ ဧရာဝတီမြစ်အနောက်ဘက် အလယ်ကျွန်းမှာရှိတဲ့ မိုးစိန်းကျွန်းနဲ့ မိုင်းကာရွာမှာ ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လေဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နေအိမ်တွေပေါ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဗျူဟာကုန်းနေ အရင်ကလည်း ပစ်နေကျပဲ။ ဒီတစ်ခါက အိမ်ပေါ်မှာတွေ တည့်တည့်ကျသလိုဖြစ်သွားတော့ သေဆုံးထိခိုက်ရှိသွားတဲ့သဘော။ မိုးစိန်းမှာ ကလေးတစ်ဦး သေသွားတယ်၊ သူ့အဘွားနဲ့အဘိုးက ဒဏ်ရာရတယ်။ မိုင်းကာမှာလည်း အမျိုးသမီးတစ်ဦးသေတယ်၊ နှစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်”
ဒဏ်ရာရသူတွေကတော့ ဆေးရုံမှာကုသမှုခံယူနေရပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မြစ်ကြီးနားမြို့နယ် တာလော်ကြီးရွာက ရှမ်းနီပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်ပူးပေါင်း တပ်စခန်းတစ်ခုနဲ့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာက လီဆူပြည်သူ့စစ်စခန်းကို (KIA) က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး ရွှေညောင်ပင်ရွာခံ တစ်ထောင်ကျော်လည်း ထွက်ပြေးတိမ်းရှောင် နေရပါတယ်။