စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်းရွာကို စစ်ကောင်စီတပ်သားတွေ ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့ မနက်ပိုင်း ဝင်ရောက်မီးရှို့တာကြောင့် အဲဒီရွာအပါအဝင် အနီးနားရွာက ဒေသခံတစ်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒီပဲယင်းဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနေ့မနက်ပိုင်း အင်အား ၉၀ နီးပါးပါဝင်တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ လက်ယက်ကုန်းအပြင် မူးကတွင်း၊ ညောင်ကြီးကုန်းနဲ့ မဲအိုးရွာတွေကိုပါ မီးရှို့တာလို့ ဒီပဲယင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုထိ စစ်ကြောင်းရှိနေတုန်းဆိုတော့ ဘယ်လောက်အထိ မီးလောင်သွားလဲဆိုတာ တော့ မသိရသေးဘူး။ ဒီပဲယင်းမှာ စစ်ကြောင်းက နှစ်ကြောင်းဝင်နေတာ။ စစ်ကြောင်းနှစ်ကြောင်းစလုံးက ရွာစဉ်မီးရှို့နေတော့တာပဲ။ ဒီတစ်ခါ ပြန်ဝင်လာတဲ့ စစ်ကြောင်းက အရင်တုန်းက စစ်ကြောင်းတွေနဲ့မတူဘူး ဝင်သမျှရွာ မီးရှို့သွားတယ်။ အရင်မီးရှို့ခဲ့လို့ ပျက်စီးသွားတဲ့ အိမ်တွေတောင် ကူညီလို့အဆင်မပြေသေးဘူး။ အခုထပ်ပြီး မီးရှို့နေကြတယ်”
လက်ယက်ကုန်းရွာဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက စစ်ရဟတ်ယာဉ်နှစ်စင်းနဲ့ တစ်နာရီနီးပါး အပစ်ခံခဲ့ရတာကြောင့် ကလေးငယ်ခုနစ်ဦးအပါအဝင် ဒေသခံ ၁၃ ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။
ဒီပဲယင်းမြို့နယ်အတွင်း ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ရွာပေါင်း ၂၁ ရွာက နေအိမ် ၇၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံက ပြောပါတယ်။
ဒီ ၁၀ ရက်အတွင်း ရွာပေါင်း ၃၁ ရွာက နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃၁,၀၀၀ ကျော်အထိ ရှိလာတယ်လို့လည်း အဲဒီတာဝန်ခံက ဆက်ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီ တပ်သားတွေ မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ၂၀၂၂ ခုနှစ် ဇွန်လ RFA က မေးမြန်းချိန် ငြင်းဆိုထားပါတယ်။
လွတ်လပ်တဲ့ သုတသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ထုတ်ပြန်တဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးချိန် ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။