ဒီးမော့ဆိုမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကြောင့် အရပ်သားတစ်ဦး သေဆုံး

အေးအေးမွန်(အော်စလို)
2021.05.28

ဒီးမော့ဆိုမြို့နယ်မှာ မေလ ၂၇ ရက် မနေ့ညပိုင်းကနေစပြီး ဒီနေ့ မေလ ၂၈ ရက်နေ့ မနက်အစောပိုင်းအထိ အာဏာသိမ်းစစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး မနေ့ညက ငွေတောင် ကျေးရွာ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက် လက်နက်ကြီး ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်ခတ်တာကြောင့် ထိမှန်သေဆုံးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီးမော့ဆို မြို့ဒေသခံက RFA ကို ပြောပါတယ်။

“ညကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ထုနေတာလေ၊ ကျတဲ့နေရာနဲ့ တပ်နဲ့ကလည်း မလှမ်း မကမ်းလေးတင်၊ ငွေတောင်ကျေးရွာ အောင်မင်္ဂလာရပ်ကွက်ထဲမှာ၊ တစ်ယောက်ပဲကျတယ်လို့တော့ အခု တော့ သတင်းကကြားတာပေါ့၊ ယောက်ျားလေး အသက်က ၄၀ ပေါ့၊ အိမ်ထဲမှာနေနေရင်းနဲ့ပေါ့၊ အလောင်း ကတော့ အခုထိကောက်မရသေးဘူးတဲ့ ရွာထဲမှာလည်း တပ်ကစွဲထားတာလေ၊ တိုက်ပွဲကညက မဖြစ်ဘူး၊ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာရွာတွေကို၊ ဈေးမှာတော့ တိုက်ပွဲတစ်ချက်ဖြစ်တယ် လို့တော့ ကြားပေမယ့် မြေပြင်ကို မေးကြည့်တော့ တိုက်ပွဲမဖြစ်ဘူးတဲ့၊ ဒီအတိုင်းလက်နက်ကြီးနဲ့ ရမ်းပစ် တာတဲ့၊ အခုချိန်တော့ ငြိမ်နေတာပေါ့၊ ညဆိုရင်တော့ တစ်အိမ်တစ်အိမ်ထွက်တွေဝင်စစ်တော့ ပြည်သူ တွေက ကြောက်လန့်နေတာပေါ့၊ သေနတ်တွေလည်းဖောက်၊ လက်နက်ကြီးတွေထုဆိုတော့”

သူဟာ လယ်ကွင်းထဲက တဲအိမ်မှာပုန်းခိုနေရင်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မနက်ပိုင်းပစ်ခတ်သံတွေ ရပ်သွားချိန်မှာမှ သေဆုံးတဲ့အလောင်းကို သယ်ဆောင်ဖို့ စီစဉ်ခဲ့ရတယ်လို့ ဒီးမော့ဆိုမြို့မှာ စစ်ဘေးရှောင်ကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ ဦးပလန်က RFA ကို ပြောပါတယ်။

“လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရှိတယ်၊ အဲဒါက ညနေ ၅ နာရီလောက်ကနေ မနက် ၄ နာရီလောက်မှ သူတို့ရပ်နားသွားတယ်ပေါ့နော်၊ အလုံးရေအတိအကျဆို ၁၂၀ ကျော်တယ်ပေါ့၊ အကုန်လုံးထုတာ ပတ်ချာ လည်ထုတော့ လယ်ထဲမှာတစ်ယောက်ထိတယ်၊ လယ်ထဲမှာပုန်းနေတဲ့တစ်ယောက်က ကံဆိုးတယ် ပြော ရမယ် သူ့နံဘေးမှာကျတယ်ပြောတာကိုး၊ ဒါပဲရှိတယ် ဒီနေ့နဲ့ပတ်သက်လို့ကတော့၊ အလောင်းကတော့ ကျွန်တော်တို့ ခုနကသွားကြည့်ခိုင်းထားတယ်၊ ပစ်တာပြီးရင်တော့ ကျွန်တော်တို့ အလောင်းသယ်ဖို့ အစီအစဉ်လုပ်ထားတယ်ပေါ့နော်”

မနေ့ကပစ်ခတ်တာက ဒီးမော့ဆိုမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၁၀၂ နဲ့ အမှတ် ၄၂၇ တပ်တွေကနေ တစ်ညလုံးပစ်နေတာဖြစ်ပြီး လက်နက်ကြီးအချက်ရေ ၁၂၀ ကျော်လောက်ရှိတယ်လို့ ဦးပလန်က ဆိုပါတယ်။

လက်နက်ကြီးတွေဟာ နေအိမ်အချို့ကိုပါ ကျရောက်ခဲ့တာကြောင့် နေအိမ်အချို့ ပျက်စီးတာတွေရှိတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

"စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရွာတွေကို ရမ်းပစ်တာ"

ကယားပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန်တိုက်ပွဲတွေဖြစ်နေကြတာပါ။

စစ်ကောင်စီဟာ ကယားပြည်နယ်အတွက် စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေပြီး မေလ ၂၈ ရက် ဒီနေ့မနက်အစောပိုင်းမှာလည်း လွိုင်ကော်လေဆိပ်ကို လက်နက်ခဲယမ်းအပြည့်အစုံနဲ့ စစ်ကောင်စီ တပ်သား ၅၀၀ နီးပါးရောက်လာကာ ပြည်နယ်ထဲက စစ်စခန်းတွေကို အင်အားဖြည့်တင်းလိုက်တယ်လို့ ကရင်နီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ KPDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့အပတ်လောက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ လုံခြုံတဲ့တောတောင် တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေရဲ့ ပြောဆိုမှုအရ ဒီးမော့ဆိုတစ်မြို့တည်းမှာတင် မြို့ပေါ်မှာ လူငယ်ယောကျ်ားလေး အနည်းသာကျန်ခဲ့ပြီး ငါးသောင်းလောက်ရှိတဲ့ မြို့လူဦးရေ ၈၀ ရာခိုင်နှုန်း လောက်ဟာ နီးစပ်ရာ တောတောင်တွေထဲမှာ ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ ပြောကြပါတယ်။

လောလောဆယ်မှာ နှစ်ဘက်တိုက်ပွဲတွေမရှိပေမယ့် ဒေသခံတွေကတော့ လုံခြုံတဲ့တောထဲတောင်ထဲမှာပဲ ပုန်းနေရဆဲဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ KPDF တပ်ဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ဘာမှမရှိဘူး ငြိမ်သွားပြီ၊ အခုလောလောဆယ် ပြည်သူတွေက တချို့ ကတော့ လုံခြုံတဲ့နေရာမှာ ထွက်ပြေးပုန်းရှောင်နေကြပါတယ်၊ အဲလုံခြုံတဲ့နေရာမှာပဲ သူတို့သွားနေတယ်၊ အခက်အခဲတွေကတော့ ရှိနိုင်လောက်ပါတယ်”

kayah-refugees.jpg
(တောထဲမှာထွက်ပြေးနေရတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေ) Photo CJ

စစ်ဘေးရှောင်နေတဲ့ဒေသခံတွေအတွက် အစားသောက်တွေ လိုအပ်နေသလို စစ်ဘေးရှောင်တွေကို ဆေးကုသ မှုတွေလုပ်ပေးနေတဲ့ ကရင်နီနယ်လှည့်ကျန်းမာရေးအဖွဲ့မှာလည်း လက်ရှိဆေးဝါးတွေ မလုံလောက်တော့ဘဲ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့က ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်စပ်က မိုးဗြဲရဲစခန်းတိုက်ခိုက်ခံရမှု ဖြစ်ပြီး ကတည်းက မိုးဗြဲမြို့ ဒေသခံ တစ်သောင်းကျော်ဟာလည်း တောတောင်တွေထဲကို တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

အဲဒီစစ်ဘေးရှောင်တွေအတွက်လည်း စားစရာနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေလိုအပ်နေတယ်လို့ စစ်ဘေးရှာင်စခန်းကို ရောက်နေသူတစ်ယောက်က RFA ကို ပြောပါတယ်။

“စစ်ရှောင်စခန်းမှာတော့ အခက်အခဲတွေတော့ အများကြီးဖြစ်တာပေါ့နော်၊ မွေးကင်းစကလေးတွေ ပါတယ်၊ သက်ကြီးရွယ်အိုတွေပါတယ်၊ တောထဲမှာဆိုတော့ ကျန်းမာရေးအခြေအနေရယ် ဘေးပတ်ဝန်း ကျင်က အဆင်မပြေမှုတွေ အများကြီးရှိတာပေါ့နော့်၊ စားနပ်ရိက္ခာမျိုးပေါ့၊ ဒီမှာအတော်ခက်ခဲနေတယ်လို့ ပြောကြတယ်၊ ကျွန်တော် အခု ရောက်နေတဲ့ ဒုက္ခသည်စခန်းကတော့ ငါးရာကျော်ကျော်ရှိမယ်ခင်ဗျ၊ ဒါကျွန်တော်ရောက်နေတဲ့နေရာပဲနော် ဟိုဘက်တွေရော အားလုံးပေါင်းလိုက်မယ်ဆိုရင် သောင်းချီရှိမယ် ခင်ဗျ၊ စားနပ်ရိက္ခာရယ် ကျန်းမာရေးကိစ္စရယ် အဓိကလိုအပ်တယ်ခင်ဗျ။”

စစ်ကောင်စီတပ်တွေ မိုးဗြဲဘက်ကို စစ်အင်အားထပ်ပို့မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံအများစုက တိုက်ပွဲဆက်ဖြစ်မှာစိုးရိမ်လို့ မြို့ထဲကို မပြန်ရဲကြသေးတာကြောင့် လက်ရှိမြို့တွင်းမှာ အသွားအလာ တိတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။

မနေ့ညက စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံးတယ်လို့ ပြောဆိုချက်အပြင် စစ်အင်အားတွေဖြည့်နေတယ်လို့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့  ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေက ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်း မပြန်ခဲ့ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရုံး UNOCHA က ထုတ်ပြန်တဲ့ ကယားပြည်နယ်ရဲ့ စစ်ဘေးရှောင်အရေအတွက် စာရင်းထဲမှာတော့ လက်ရှိအချိန်အထိ အယောက် ၃၇၀၀၀ ကျော်လောက်ရှိနေ ပြီလို့ ဖော်ပြထားပါတယ်။

မေ ၂၄ ရက်နေ့က ကားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့က ကယန်းသာယာတောင် ဘုရားကျောင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ကျောင်းထဲခိုလှုံနေတဲ့ ဒေသခံ လေးယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရ သူတွေရှိခဲ့သလို မေလ ၂၇ နေ့မှာလည်း စစ်ဘေးရှောင်ပြည်သူ နှစ်ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ယောက် သေဆုံးခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။