ဒီးမော့ဆိုမှာ လက်နက်ကြီးကြောင့် ငါးနှစ်ကလေး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက မူကြိုကျောင်းတစ်ခုကို နို၀င်ဘာလ ၁၅ ရက် မနေ့က လက်နက်ကြီးကျည် ငါးလုံးကျရောက် ပေါက်ကွဲခဲ့တာကြောင့် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး မိသားစုဝင် ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO-PDF) က ပြောပါတယ်။

မနေ့ညနေ ၆ နာရီဝန်းကျင်ခန့်က ငွေတောင်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၀၂) ကနေ တိုက်ပွဲမဖြစ်ပွားဘဲ ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ပြီး ငါးလုံးကတော့ စစ်ဘေးဒုက္ခသည် မိသားစုတစ်စု နေထိုင်တဲ့ မူကြိုကျောင်းကို ကျရောက်ခဲ့တာလို့ DMO-PDF ရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။

"အဲဒီမူကြိုကျောင်းမှာ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာရပ်ကွက်က စစ်ရှောင်မိသားစုတစ်စု လာနေတာ။ နေတာ ငါးလလောက်ရှိပြီ။ လက်နက်ကြီးတစ်လုံးက မူကြိုကျောင်း တည့်တည့်ကျတယ်။ ငါးနှစ်အရွယ် ကလေးက မနေ့ကတည်းက ဆုံးသွားတာ။ ကျန်တဲ့ ရှစ်ယောက်က ဆေးရုံအကုန်တင်ထားရတယ်။ ဆေးရုံတင်ရတဲ့အထဲမှာ တစ်နှစ်သား အရွယ် ကလေးတစ်ယောက်လည်းရှိတယ်"

မူကြိုကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် မိသားစုထဲက ငါးနှစ်အရွယ် မိန်းကလေး ဟာ တင်ပါးမှာ ထိခိုက်ဒဏ်ရာရပြီး မနေ့မှာပဲ သေဆုံးသွားတာလို့ ပြောပါတယ်။

ဒီမိသားစုမှာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ညာဘက်လက်နဲ့ ဦးခေါင်း မစိုးရိမ်ရ တဲ့ ဒဏ်ရာ၊ သူ့ရဲ့ဇနီးဖြစ်သူ အသက် ၄၀ အရွယ် အမျိုးသမီးက တင်ပါးမှာ မစိုးရိမ်ရတဲ့ ဒဏ်ရာ၊ သမက်ဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသားက လက်ဖဝါးနဲ့ ခြေချောင်းမှာ မစိုးရိမ်ရတဲ့ဒဏ်ရာ၊ သားဖြစ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားက ကျောပြင်တစ်ခုလုံး မှာ စိုးရိမ်ရတဲ့ ဒဏ်ရာ၊ သမီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက လက်မှာ မစိုးရိမ်ရ ဒဏ်ရာ၊ သမီးဖြစ်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးကတော့ ပေါင်နဲ့ ဦးခေါင်း မှာ မစိုးရိမ်ရ ဒဏ်ရာနဲ့ အသက်အငယ်ဆုံး ကိုးလသားကတော့ တင်ပါးဒဏ်ရာရခဲ့ပြီး ဆေးရုံ တင်ထားရတယ်လို့ သူက ပြောပါတယ်။

မနေ့က လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ အသက်ငါးနှစ်အရွယ် မိန်းကလေးကိုတော့ ဒီနေ့မှာ ရွာသားတွေက နာရေးလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ခလရ (၁၀၂) က ပစ်လိုက်တဲ့ တခြား လက်နက်ကြီးကျည် ငါးလုံးကတော့ အဲဒီအနီးနား ရွာက ခရစ်ယာန်ဘုရားကျောင်းတစ်ခုနဲ့ နေအိမ်တချို့ကို ကျရောက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။