စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က အေးသာယာပျံကျရွာကို ဒီဇင်ဘာလ ၂၂ ရက်နေ့ကနေ ၂၃ ရက်အထိ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲမရှိဘဲ ဝင်ရောက်မီးရှို့တာဖြစ်ပြီး အဲဒီရွာမှာ အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့အနက် ၄၀ ဝန်းကျင်သာ ကျန်တော့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကအထိ မီးရှို့တာ အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ရွာက အိမ်ခြေ ၄၀ လောက်ပဲ ကျန်တော့တယ်။ အေးသာယာ ပျံကျဆိုတဲ့ ရွာပါ။ ဒီပဲယင်းနဲ့ဆို ၅ မိုင်လောက်ပဲ ဝေးတယ်။ ရှို့တာက ၂၂ ရက်နေ့ကတည်းက ရှို့နေတာ။ မနေ့ကလည်း တစ်နေ့လုံးရှို့တာ။ မကျန်တော့ပါဘူး။ လူထိခိုက်သေဆုံးတာတော့ မရှိဘူး။ အဲဒီနားက ရွာတွေကတော့ တိမ်းရှောင်ရတာပေါ့”
မနေ့ကလည်း အဲဒီရွာနဲ့ အနီးဆုံးရွာဖြစ်တဲ့ ကြည်ဘုရားထွက်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးသုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျည် ထိမှန်ထားတဲ့အထဲက အသက် ၁၃ နှစ်အရွယ် မောင်အောင်ဝေဖြိုးနဲ့ အသက် ၁၀ နှစ်အရွယ် မသိမ့်ရတနာတို့နှစ်ဦးကတော့ ခွဲစိတ်ကုသဖို့ လိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာလ ၂၄ ရက် ဒီနေ့အထိ ဒီပဲယင်းမြို့နဲ့ ပျံကျရွာအကြားမှာပဲ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
မီးရှို့ခံရမှုတွေကို စာရင်းပြုစုနေတဲ့ လွတ်လပ်တဲ့သုတေသနအဖွဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ စာရင်းအရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၂၇,၄၉၆ လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။