ဒီပဲယင်းမှာ တစ်ပတ်အတွင်း ထွက်ပြေးရသူ တစ်သောင်းကျော်ပြီ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ရွာတွေကို ဒီဇင်ဘာ လဆန်းပိုင်းကစပြီး စစ်ကောင်စီ တပ်သားတွေ ဝင်ရောက် မီးရှို့နေတာကြောင့် မနေ့ကအထိ ရွာပေါင်း ၁၉ ရွာက နေအိမ် ၁၄၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး ထွက်ပြေးနေရသူ တစ်သောင်းကျော်ရှိလာပြီလို့ ဒီပဲယင်းဒေသခံတွေက ပြောပါတယ်။

ဒီအထဲမှာ နများနဲ့ အင်ပင်ရွာကတော့ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရသလို တစ်ပတ်အတွင်း နှစ်ဦးသေဆုံးခဲ့ပြီး ၂၀ ကျော် အဖမ်းခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

“တစ်ရက်တည်း ရွာလေးရွာ မီးရှို့ခံရတာလည်း ဟုတ်တယ်။ အခုဆိုရင် လေးရွာတောင် မကတော့ဘူး။ ရွာပေါင်း ၁၅ ရွာ အထက်မှာရှိတယ်။ အိမ်ခြေ ၁၄၀၀ ကျော်ပါသွားပြီ။ ဘာတိုက်ပွဲမှမရှိဘူး။ ဒီအတိုင်းကို ပတ်ရှို့နေတာ။ လူ ၂၀ ကျော် အဖမ်းခံရတယ်။ စိတ်မနှံ့တဲ့ သူနှစ်ယောက် အသတ်ခံရတယ်။ တစ်ဦးက မူးရိုးကုန်းရွာက ကိုညီထွေး။ အသက် ၃၀ ကျော်။ နောက်တစ်ယောက် ပေါက်ရင်းရွာက ကိုတရုတ်ကြီးတဲ့။ အသက် ၄၀ လောက်ရှိပြီ ”

စိတ်မနှံ့တဲ့သူနှစ်ဦး သတ်ဖြတ်ခံရပြီးမှ မီးရှို့ခံရတဲ့ကိစ္စကတော့ ဒီဇင်ဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ခင်ဦး၊ ရေဦးနဲ့ ဒီပဲယင်းမှာ တစ်နယ်ကို စစ်ကြောင်းတစ်ကြောင်းနဲ့ မူးမြစ်တစ်ဖက်ကမ်းမှာ ခင်ဦးနဲ့ ရွှေဘို၊ မူးမြစ် အနောက်ဘက်ကမ်းမှာ ရေဦးနဲ့ ဒီပဲယင်းတို့ကို မီးခွရှို့နေတာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန် ငြင်းဆိုထားပါတယ်။

လွတ်လပ်တဲ့ သုတသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဒီနေ့ထုတ်ပြန်တဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်နိုင်ငံလုံးမှာ နေအိမ်ပေါင်း ၃၈,၃၈၃ လုံး ပျက်စီးခဲ့ပြီး ဒီအထဲမှာ စစ်ကိုင်းတိုင်းက ၂၇,၄၉၆ လုံး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။