ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နဲ့ အဲဒီရွာသား ဦးမောင်ကျော်ဝင်းကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁)(၂) နဲ့ ဘူးသီးတောင်မြို့နယ်တရားရုံးမှာ ဒီနေ့အမှုဖွင့်လိုက်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူ ၁၅ ဦးအထဲက ၁၃ ဦးကို မနေ့က ည ၇ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်ပြီး ကျန် ၂ ဦးကို ဒီနေ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။
အလားတူ ဘူးသီးတောင်မြို့နယ်အတွင်းက ကားလမ်းမအနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ပေါက်ကွဲမှုဖြစ် ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးထားတဲ့ သရက်ပြင်ကျေးရွာသားတစ်ဦးကိုလည်း မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁)(၂)နဲ့ အမှုဖွင့်လိုက်ပြီး ဘူးသီးတောင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။
မနေ့ကပြန်လည်လွတ်မြောက်လာသူ ၁၃ ဦးကို မေးမြန်းကြည့်ချက်အရ ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်မှု ရှိ၊ မရှိ နဲ့ စားနပ်ရိက္ခာတွေပို့ဆောင်ပေးတာ ရှိ၊ မရှိ စတာတွေကို အဓိကစစ်ဆေးခံခဲ့ရတာဖြစ်တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။
မနေ့ကပြန်လည်လွတ်မြောက်လာသူ ၁၃ ဦးဟာ ပြင်ချောင်းကျေးရွာသား ၇ ဦး၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာက ၂ ဦး၊ နေပူခံကျေးရွာက ၁ ဦးနဲ့ လမ်းသွားလမ်းလာ ၃ ဦးတို့ဖြစ်ကြပါတယ်။
ဒီအတွင်း ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာအနီးမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း တပ်မတော်က ခေါ်ယူသွားတဲ့ ရွာခံ နှစ်ဦးဟာ ဒီနေ့ညနေပိုင်းအချိန်အထိ အိမ်ပြန်မရောက်သေးသလို သူတို့ရဲ့လက်ကိုင်ဖုန်း ကိုလည်း ပိတ်ထားတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။