လေးလကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆၇၂ ကြိမ်မှာ အရပ်သား ၃၀၅ ဦး သေဆုံး

စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၂၆ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး အရပ်သား ၆၉ ဦး သေဆုံးကာ ၁၈၈ ဦး ဒဏ်ရာရ။

အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ကျမ်းကျိန်ခဲ့တဲ့ ဧပြီလ ၁၀ ရက်ကနေ ဩဂုတ်လ ၂၀ ရက်အထိ လေးလကျော်အတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၆၇၂ ကြိမ် ရှိခဲ့ပြီး အရပ်သား ၃၀၅ ဦး သေဆုံးကာ ၆၆၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ (Nyan Lynn Thit Analytica - NLTA) က ဩဂုတ်လ ၃၀ ရက်မှာ RFA ကို ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက်ကြည့်ရင် စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၂၆ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး အရပ်သား ၆၉ ဦး သေဆုံးကာ ၁၈၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

မကွေးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၂၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၁၉ ဦး သေဆုံးကာ ၆၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ချင်းပြည်နယ်မှာတော့ လေကြောင်းတိုက်ခိုက်မှု ၁၁၃ ကြိမ်ရှိခဲ့ပြီး အရပ်သား ၄၂ ဦး သေဆုံးကာ ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၇၆ ကြိမ်အတွင်း အရပ်သား ၆၄ ဦး သေဆုံးပြီး ၁၇၂ ဦး ဒဏ်ရာရခဲ့သလို ကရင်ပြည်နယ်မှာ ၆၆ ကြိမ်အတွင်း အရပ်သား ၃၉ ဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

တနင်္သာရီတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ်၊ ပဲခူးတိုင်းအရှေ့ခြမ်းမှာ ၂၃ ကြိမ်၊ ကချင်ပြည်နယ်မှာ ၂၂ ကြိမ်၊ ဧရာဝတီတိုင်းမှာ ၂၀ ကြိမ်၊ မွန်ပြည်နယ်မှာ ၁၇ ကြိမ်၊ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ မန္တလေးတိုင်းမှာ ၁၆ ကြိမ်စီ၊ ကယားပြည်နယ်မှာ ၁၂ ကြိမ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၁ ကြိမ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ခြောက်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ NLTA က ပြောပါတယ်။

သေဆုံးသူအရေအတွက်အရ စစ်ကိုင်းတိုင်းမှာ ၆၉ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၆၄ ဦး၊ ချင်းပြည်နယ်မှာ ၄၂ ဦးနဲ့ ကရင်ပြည်နယ်မှာ ၃၉ ဦးတို့ ဖြစ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် သမ္မတဖြစ်လာပြီးနောက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ လျော့ကျမသွားတာဟာ အရပ်သားတွေအတွက် စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ စစ်ရေးပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဆိုပြီး ကျင်းပခဲ့ပြီး နိုင်ငံတကာကိုတော့ ရွေးကောက်ပွဲကနေ တက်လာတဲ့အစိုးရတစ်ရပ်အဖြစ် ပြသဖို့ ကြိုးစားခဲ့တာပေါ့။ ဒါပေမဲ့ မင်းအောင်လှိုင် သမ္မတဖြစ်လာပြီး ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်မှာတောင် လေကြောင်းတိုက်ခိုက်မှုတွေ လျော့မသွားဘူး။ လေးလကျော်အတွင်း အကြိမ် ၇၀၀ နီးပါးရှိပြီး အရပ်သား သုံးရာကျော် သေဆုံးခဲ့တယ်ဆိုတာ အလွန်များတဲ့ပမာဏပါ။ အရပ်သားတွေရှိတဲ့နေရာတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာကို ကြည့်ရင် အရပ်သားကာကွယ်ရေးကို အလေးထားမှုမရှိဘူးလို့ မြင်ရတယ်”

ဒီအချက်အလက်တွေကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။