၁၉၈၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို “မြေပေါ်မြေအောက် အဖျက်သမားတွေရဲ့ တိုင်းပြည်ဆူပူအုံကြွစေမှု” နဲ့ “မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေ” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောလိုက်ပါတယ်။
ဩဂုတ် ၂၇ ရက်နေ့က ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ နည်းပြတွေ၊ ဗိုလ်လောင်းတွေ၊ ဘွဲ့လွန်သင်တန်းသားတွေ၊ အရာရှိနဲ့ စစ်သည်တွေကို တွေ့ဆုံချိန် အဲဒီလို ပြောခဲ့တာလို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
၁၉၈၈ နဲ့ ၂၀၂၁ ခုနှစ် ဖြစ်ရပ်တွေကြောင့် တိုင်းပြည်ပြိုကွဲမယ့် အခြေအနေအထိ ရောက်ခဲ့ပြီး စစ်တပ်က နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အချိန်မီ ယူခဲ့ရတာလို့လည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောခဲ့ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်ခေါင်းဆောင်တွေရဲ့ အခုလိုပြောဆိုမှုဟာ လက်တွေ့ဖြစ်ရပ်တွေနဲ့ ဆန့်ကျင်နေတယ်လို့ RFA ကို ပြောပါတယ်။
“မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေလို့ သူတို့က ပြောပေမယ့် သူတို့ကိုယ်တိုင်က ဥပဒေမဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာပါ။ လေယာဉ်နဲ့ ဗုံးကြဲတာ၊ မြေပြင်မှာ စစ်ကြောင်းထိုးပြီး ရွာစဉ်ရွာဆက် မီးရှို့တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်နေတာကလည်း သူတို့စစ်တပ်ပဲလေ”
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြသူတွေ သေဆုံးတာနဲ့ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကတော့ အဲဒီလှုပ်ရှားမှုတွေကို လူထုဆန္ဒပြလှုပ်ရှားမှုတွေလို့ မသုံးနှုန်းဘဲ “အဖျက်သမား”၊ “ဆူပူအုံကြွမှု” နဲ့ “မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေ” လို့ သုံးနှုန်းခဲ့တာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဩဂုတ် ၂၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ပိုမိုဆိုးရွားလာပြီး စစ်ပွဲ၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေနဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေကြောင့် အရပ်သားပြည်သူတွေရဲ့ ဒုက္ခတွေ ပိုနက်ရှိုင်းလာတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ကန့်သတ်တာတွေ ဆက်လုပ်နေပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် အနည်းဆုံး အရပ်သား ၈,၀၇၅ ဦး သေဆုံးခဲ့တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဆိုပါတယ်။ တကယ့်သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
အသက် ၆၀ အရွယ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို လွှဲပြောင်းရယူခဲ့သူ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့တဲ့ စစ်တပ်အဖွဲ့ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဦးဆောင်ခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
