အာဆီယံ-ဩစတြေးလျညီလာခံကို ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ မတ်လ ၅ ရက်နေ့ကစပြီး ကျင်းပနေပါတယ်။ အာဆီယံအတွင်းရေးမှူးချုပ် ကောက်ကင်မ်ဟွန်းနဲ့ ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အဲလ်ဘနိစ်တို့က မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ချက်တစ်ခုခုရအောင် ကြိုးစားအားထုတ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဂါးဒီးရန်းသတင်းမှာ ဖော်ပြထားပါတယ်။
အလားတူ ထိုင်းဝန်ကြီးချုပ် ဆရက်ထာ ထာဝီစဉ်ကလည်း ညီလာခံမှာ မြန်မာ့အရေး ထည့်သွင်းပြောဆိုဖို့ရှိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ဒီအတောအတွင်းမှာပဲ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝမ်းနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပန်းဖရီး ဘာဟီဒါ နူကရာတို့ မတ်လ ၅ ရက်နေ့မနက်က တွေ့ဆုံပွဲမှာ မြန်မာပြည်အခြေအနေနဲ့ မြန်မာပြည်ငြိမ်းချမ်းတည်ငြိမ်ရေးကူညီနိုင်မယ့် အာဆီယံရဲ့ အခန်းကဏ္ဍကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ဒီညီလာခံမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်တက်ခွင့်မရပါဘူး။
ညီလာခံကျင်းပနေတဲ့အချိန်မှာတော့ အဆောက်အအုံပြင်ပမှာတော့ မြန်မာတွေက စစ်ကောင်စီကို အရေးယူဖို့ ဩစတြေးလျဝန်ကြီးချုပ်ကို တောင်းဆိုနေကြပါတယ်။