နိုင်ငံခြားငွေလဲနှုန်းကနေ တစ်နှစ်အတွင်း ဒေါ်လာနှစ်ဘီလီယံနီးပါး စစ်ကောင်စီ ဝင်ငွေရရှိ
2024.10.18
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လကုန်အထိ တစ်နှစ်တာ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရရှိခဲ့တယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့ထုတ် The Economist သတင်းမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်ကစပြီး ပို့ကုန်လုပ်ငန်းရှင်တွေရရှိတဲ့ နိုင်ငံခြားဝင်ငွေရဲ့ လေးပုံတစ်ပုံကို ဗဟိုဘဏ်သတ်မှတ်ဈေး အမေရိကန် တစ်ဒေါ်လာ ကျပ်ငွေ ၂၁၀၀ နဲ့ လဲလှယ်ခိုင်းခဲ့ပြီး ကျန်တာကိုတော့ အွန်လိုင်းငွေလဲနှုန်း ကျပ်ငွေ ၃၅၀၀ နဲ့ လဲလှယ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ဝင်ငွေသုံးပုံတစ်ပုံခန့်ဟာ စစ်ကောင်စီထံ ရောက်ရှိနေပြီး အဲဒီပမာဏဟာ စစ်အသုံးစရိတ်ထက် ပိုများနေတယ်လို့လည်း ဆိုပါတယ်။
အဲဒီလို ငွေလဲနှုန်းတွေ သတ်မှတ်တာ၊ ငွေစက္ကူတွေ ရိုက်ထုတ်တာတွေကြောင့် ကုန်စည်ဈေးနှုန်းတွေကို ကမောက်ကမဖြစ်စေပြီး စီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ ထိခိုက်တဲ့အတွက် စီးပွားရေး ပြိုလဲနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း The Economist က ဖော်ပြပါတယ်။
နိုင်ငံတစ်ဝန်း စစ်ရေးအရ ရှုံးနိမ့်မှုတွေကလည်း စစ်ကောင်စီအနေနဲ့ စီးပွားရေးကို ကောင်းစွာစီမံခန့်ခွဲဖို့ ခက်ခဲစေတယ်လို့ ဖော်ပြထားပါတယ်။