ပြည်တွင်း တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး တွေ့ဆုံညှိနှိုင်းမှုတွေနဲ့ တရုတ်နိုင်ငံရဲ့ အကူအညီပေးမှုတွေအကြောင်းကို စစ်ကောင်စီနဲ့ တရုတ်၊ ယူနန်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့တို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ယူနန်ပြည်နယ် ဒုတိယ ပါတီအတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့တာလို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
နှစ်နိုင်ငံ နယ်စပ်နဲ့ ပြည်တွင်း တည်ငြိမ်ပေးချမ်းရေးအတွက် ငြိမ်းချမ်းရေး တွေ့ဆုံညှိနှိုင်းမှု အခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်ရဲ့ အကူအညီပေးမှု အခြေအနေနဲ့ နယ်စပ်ဒေသ အွန်လိုင်းလောင်းကစား ပပျောက်ဖို့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နမိတ်ထိစပ်မှုအများဆုံးဖြစ်တဲ့ ယူနန်ပြည်နယ်နဲ့ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ဖို့၊ ကုန်စည်စီးဆင်းမှု ကောင်းမွန်ဖို့ စတာတွေကိုလည်း စစ်ကောင်စီနဲ့ ယူနန်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီဥက္ကဋ္ဌဟာ ရန်ကုန်မြို့က တရုတ်နှစ်သစ်ကူးပွဲတော်ကို တက်ရောက်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ပြောခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ကစလို့ တိုက်ပွဲဖြစ်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ စေ့စပ်ပေးမှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဟိုင်ဂင် သဘောတူညီမှုနဲ့ အပစ်ရပ်ခဲ့ကြတာဖြစ်ပါတယ်။