မွန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲအမှု အယူခံ ပယ်ချခံရ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စစ်ကောင်စီက စွပ်စွဲထားတဲ့ ရွေးကောက်ပွဲမလျော်သြဇာ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်တဲ့ အယူခံကို မွန်ပြည်နယ်တရားလွှတ်‌တော်က နိုဝင်ဘာလ ၁၅ ရက် မနေ့က ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အယူခံ ပယ်ချခံရတာ ဟုတ်ပါတယ်။ ပြည်နယ်လွှတ်တော် တရားရုံးမှာ မနေ့က ပယ်ချခံရတာပါ”

လက်ရှိ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာအေးဇံဟာ စစ်ကောင်စီဘက်က အဂတိ လိုက်စားမှု ဥပဒေပုဒ်မ ၅၅ နဲ့ပဲ အမှုပေါင်းကိုးမှုအတွက် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံထားရပါတယ်။

ဒါ့အပြင် ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုဆိုသော ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) အမှုနဲ့ ထောင်ဒဏ် ၂ နှစ်ပါပေါင်းရင် စုစုပေါင်း အမှု ၁၁ မှုအတွက် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံထားရပါတယ်။

ဒေါက်တာအေးဇံရဲ့ ရှေ့နေအဖွဲ့ကတော့ မွန်ပြည်နယ် တရားလွှတ်တော်က ချမှတ်ခဲ့တဲ့ အဂတိအမှုတွေအပေါ် ၂၀၂၂ ခုနှစ် သြဂုတ် ၁၁ ရက်နေ့မှာ နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို အယူခံသွားရောက်လျှောက်ထားခဲ့ပေမယ့် လက်မခံဘဲ အောက်ရုံး ဆုံးဖြတ်ချက်သာ အတည်ဖြစ်တယ်ဆိုတဲ့အမိန့် ချမှတ်ခံခဲ့ရပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းချိန် အစောဆုံး ဖမ်းဆီးခံရသူတွေထဲ ဒေါက်တာအေးဇံလည်း ပါဝင်ပါတယ်။

အဲဒီနောက်ပိုင်း ပြန်လွတ်လာခဲ့ပေမယ့် နေအိမ်အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံရပြီး ၁ဝ အကြာမှာ နောက်တစ်ကြိမ် အဖမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒေါက်တာအေးဇံဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သလို ကျိုက်ထိုမြို့နယ် NLD ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

သူဟာ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီရဲ့ အနိုင်ရကိုယ်စားလှယ် တစ်ဦး ဖြစ်ခဲ့သလို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလည်း ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရဲ့ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။