ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ က တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့က စစ်ကောင်စီရဲ့ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက KBC တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံပြီး ပြောကြားခဲ့တာလို့ ဆိုပါတယ်။ တွေ့ဆုံပွဲမှာ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ အပြစ်ကျူးလွန်ထားကြောင်း အစည်းအဝေးတက်ရောက်တဲ့ ဗီဒီယိုဖိုင်တွေကို လုံနယ်ဝန်ကြီးက ပြသခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတွေ့ဆုံမှုအပြီး KBC က ဒေါက်တာခလမ်ဆမ်ဆွန် အမြန်ဆုံးလွတ်မြောက်လာဖို့အတွက် ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့တယ်လို့လည်း ဆိုပါတယ်။
KBC ဥက္ကဋ္ဌဟောင်း ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဒီဇင်ဘာလ ၄ ရက်နေ့က ထိုင်းနိုင်ငံကို သွားရောက်ဖို့ မန္တလေးလေဆိပ်မှာ စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ပြန်လွတ်လာခဲ့ပြီး မြစ်ကြီးနားမြို့ကို ပြန်အလာမှာ မြစ်ကြီးနားလေဆိပ်မှာ ထပ်မံဖမ်းဆီးခံရတာဖြစ်ပါတယ်။