စစ်ကိုင်း တိုင်းဝန်ကြီးချုပ် ကို မကျေနပ်သူများ ပါတီ ကော်မရှင်ထံ တိုင်စာပို့
2018.01.22
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ ခွင့်ပြုချက်နဲ့ လွှတ်တော် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ ဒေသခံ ၁၁ ဦးက NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များ တိုင်ကြားစာ ကော်မရှင်ထံ တိုင်ကြားထားပါတယ်။
၂၀၁၃ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တည်ဆောက်ဖို့အတွက် အိုးဘိုတောင်ရပ်ကွက်မှာရှိတဲ့ မြေဧက ၄၀ ကို သိမ်းယူခဲ့ပြီး မြေ ဆုံးရှုံးသွားသူတွေကို အစားပြန်ပေးမယ်ဆိုတဲ့ မြေနေရာမှာ ဝန်ကြီးချုပ် ခွင့်ပြုချက်နဲ့ လွှတ်တော် ဝန်ထမ်းအိမ်ရာ လက်ရှိမှာ ဆောက်လုပ်နေတာကို မကျေနပ်တဲ့အတွက် တိုင်ကြားတာလို့ လက်မှတ်ရေးထိုး တိုင်ကြားမှုမှာ ပါဝင်တဲ့ ဒေသခံ ဦးခိုင်မိုးဦး က ပြောပါတယ်။
"စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ဦးသာအေး လက်ထက်ကနေပြီးတော့ ဧက ၄ဝ စီမံကိန်းဆိုပြီးတော့ တိုင်းဒေ သကြီး လွှတ်တော် အဆာက်အအုံဆောက်ဖို့ဆိုပြီး ကျနော်တို့ တောင်သူတွေဆီကနေ မြေသိမ်းတယ်၊ အရင် အစိုးရလက်ထက်မှာတုန်းက ကျနော်တို့ဒေသခံတောင်သူတွေနဲ့ မြေစာရင်းက သဘောတူတဲ့ စာရွက် စာတမ်းတွေ လုပ်ခဲ့တယ်၊ ဒီအကွက်ကိုယူဆိုပြီး မြေသိမ်းတဲ့တောင်သူတွေကို အကျိုးခံစားခွင့် ပြန်ပေးခဲ့တယ်၊ အဲဒါတွေကလည်း စာရွက်ပေါ်မှာပဲရှိသေးတာ အထူးသဖြင့် တောင်သူတွေဆီကို တရားဝင်အဖြစ် ဘာမှပိုင်ဆိုင် ခွင့်မရသေးဘူး၊ အဲဒါကို သဘောတူညီမှုရထားတဲ့ မြေကွက်တွေအပေါ်မှာထပ်ပြီးတော့ တိုင်းဒေသကြီးအစိုးရ ညွှန်ကြားချက်နဲ့ အဆေက်အဦးတွေထပ်ဆောက်တယ်၊ ဒီနေရာကိုတရားဝင်ဖြစ်အောင် သူတို့လုပ် မပေးနိုင်သေးဘူး၊ တောင်သူတွေဆီကနေ ဘာမှသဘောတူညီချက်မယူဘူး၊ တောင်သူတွေနဲ့ ဘာမှမဆွေးနွေး မတိုင်ပင်ပဲနဲ့ သူတို့စိတ်ထင်တိုင်းလုပ်နေတာ၊ ဘယ်သူကအာမခံပေးမှာလဲ၊ အဲဒါကြောင့်မို့ တိုင်းဒေသကြီး အစိုးရကို မကျေနပ်လို့တိုင်လိုက်တာ"
လက်မှတ်ရေးထိုး တိုင်ကြားတဲ့ ဒေသခံတွေက NLD အစိုးရလက်ထက်မှာ မြေယာတွေ ဆက်လက် သိမ်းဆည်းနေတာကို စိစစ်တားမြစ်ပေးဖို့ တောင်းဆိုထားပါတယ်။
မြေနေရာ အစားထိုးပြန်ရမယ့် ဒေသခံတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးမှ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်တာကို ဆက်လက် ဆောင်ရွက်စေချင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာပဲ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ဒီမြေယာကိစ္စ ရှင်းလင်းပေးဖို့ တွေ့ဆုံခွင့်တောင်းသွားမယ်လို့ ဦးခိုင်မိုးဦး က ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ဒေသခံ ၁၁ ဦးက လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာ ကော်မရှင် တိုင်ကြားထားတာနဲ့ပတ်သက်ပြီး ကော်မရှင် တာဝန်ခံ ဒေါက်တာမျိုးညွှန့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ကျန်းမာရေးကြောင့် ခွင့်ယူထားတဲ့အတွက် တိုင်ကြားစာနဲ့ ပတ်သက်ပြီး လတ်တလော မသိရှိသေးဘူးလို့ ပြန်လည်ဖြေကြားပါတယ်။
တိုင်ကြားခံရသူ စစ်ကိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာလည်း ဝန်ကြီးချုပ် အစည်းအဝေး တက်ရောက်နေတဲ့အတွက် လတ်တလော မဖြေကြားနိုင်သေးဘူးလို့ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိက ပြန်လည်ဖြေကြားခဲ့ပါတယ်။