မန္တလေးတိုင်း စိုက်၊ မွေး၊ ဆည်ဝန်ကြီး ဒေါက်တာ စိုးသန်း လွတ်ရက်စေ့လို့ ပြန်လွတ်

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် မန္တလေးတိုင်းအစိုးရရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်း မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ နိုဝင်ဘာလ ၈ ရက် မနေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

သူဟာ စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရတာဖြစ်သလို လျှော့ရက်တွေနဲ့ လွတ်ရက်စေ့လို့ လွတ်လာတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က မနက်ပိုင်းမှာ အိုးဘိုထောင်က လွတ်လာတယ်။ အဓိကတော့ လွတ်ရက်စေ့လို့ လွတ်တဲ့သဘောပဲ"

ဒေါက်တာ စိုးသန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့မှာ စစ်ကောင်စီရဲ့ အိုးဘို ထောင်တွင်းတရားရုံးကနေ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၂၅၊ ဘေးစီမံပုဒ်မ - ၃၀ (က) တို့နဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့တာပါ။

သူဟာ အာဏာသိမ်းခင် ရက်ပိုင်းအလို မန္တလေးတိုင်း ကျန်းမာရေးဦးစီးဌာနက ပြုလုပ်တဲ့ ကိုဗစ်ကပ်ရောဂါ အသိပညာပေး ဆိုင်းဘုတ်ဖွင့်ပွဲကို တက်ရောက်ရာမှာ ကပ်ရောဂါကာလ လူစုလူဝေးမလုပ်ရဆိုတဲ့ စည်းကမ်းကို ချိုးဖောက်တယ်ဆိုပြီး စစ်ကောင်စီဘက်က စွပ်စွဲခဲ့တာပါ။

NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်ကတော့ သဘာဘေးစီမံ၊ အဂတိ၊ ရွေးကောက်ပွဲမသမာမှု စတဲ့ စွပ်စွဲချက် ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရပါတယ်။

NLD ပါတီရဲ့ နိုဝင်ဘာ ၈ ရက်၊ မနေ့ကထုတ်ပြန်ချက်မှာတော့ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကုန်ထိ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦးအပါအဝင် ပါတီဝင် စုစုပေါင်း ၁၁၆၉ ဦး ဖမ်းဆီးခံထားရတယ်လို့ ဖော်ပြထားပါတယ်။