NLD အမတ် ဒေါက်တာ ဝင်းအောင် ဇနီးနဲ့ သမီးကို စစ်ကောင်စီ ထောင်သုံးနှစ်ချ
2023.03.23
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်ရဲ့ ဇနီး ဒေါ်ခင်သန်းနုနဲ့ သမီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ နှစ်ဦးကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ခင်ဦး စစ်ခုံရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ - က(ဂ) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ ခင်ဦးမြို့ခံတွေက ပြောပါတယ်။
သူတို့နှစ်ဦးကို အခုချိန်ထိတော့ အကျဉ်းထောင်တွေကိုပို့တာ မရှိသေးဘဲ ခင်ဦးက ရဲစခန်းအချုပ်မှာပဲ ချုပ်နှောင်ခံထားရဆဲဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ချလိုက်တယ်။ တစ်ယောက် သုံးနှစ်စီပေါ့။ နိုင်ငံရေးပုဒ်မနဲ့ အရေးယူခံထားရတာ။ အတည်ပြုလို့ရပါတယ်။ သူတို့ ခင်ဦးက အချုပ်ရဲစခန်းထဲမှာပဲ ရှိသေးတယ်။ အခုချိန်ထိတော့ ဘယ်ထောင်မှတော့ မပို့သေးဘူး။ အိမ်ချိပ်ပိတ် ခံထားရတော့ သူများအိမ်မှာ ကပ်နေရတာ။ အဲဒီမှာ သူတို့ နှစ်ယောက် အဖမ်းခံရတာ"
NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်ကို ဖမ်းမမိတဲ့အတွက် ခံဝန်နဲ့နေရတဲ့ ဇနီးနဲ့ သမီးဖြစ်သူတို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ခင်ဦးမြို့နယ် အောင်ချမ်းသာရပ်ကွက်ထဲမှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
ဒေါက်တာ ဝင်းအောင်ရဲ့ သမီးအငယ်နဲ့ သမက်ဖြစ်သူတို့ဟာလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ရေဦးမြို့နယ်ထဲက ရွာတစ်ရွာမှာ ယမ်း ပေါက်ကွဲမှုကြောင့် ရုတ်တရက် ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့ရပါတယ်။
၁၉၈၂ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်က ဆေးပညာဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာ ဝင်းအောင် ဟာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ခင်ဦးမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီဝင်တွေကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ် တာတွေ ရှိနေတာကြောင့် လက်ရှိအချိန်မှာ ဒေါက်တာ ဝင်းအောင်ဟာ လွတ်မြောက် နယ်မြေတစ်နေရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်အာဏာသိမ်း နှစ်နှစ်ပြည့်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေး မြို့နယ် ၃၇ မြို့နယ် ကြေညာတဲ့အခါမှာ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ် လည်း ပါဝင်ခဲ့ပြီး အဲဒီအချိန်ကစလို့ နိုင်ငံရေးအမှုတွေကို စစ်ခုံရုံးနဲ့ ဖွဲ့စည်းစစ်ဆေး နေတာလည်း ဖြစ်ပါတယ်။
NLD ပါတီကဖွဲ့ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးဌာနကတော့ စစ်အာဏာသိမ်း နှစ်နှစ်အတွင်း လွှတ်တော်အမတ် သုံးဦးအပါအဝင် ပါတီဝင် ၈၄ ဦး သေဆုံးခဲ့ပြီး ၁၂၃၂ ဦး အဖမ်းခံထားရတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက RFA ကို ပြောဆိုထားပါတယ်။