တောင်သာက မူလတန်းလွန်ကျောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁၅ ဦး ဒဏ်ရာရ

တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းက စစ်တပ်ခန့်အစိုးရက ဖွင့်လှစ်ထားတဲ့ မူလတန်းလွန်ကျောင်းဟုဆို။

မန္တလေးတိုင်း တောင်သာမြို့နယ် သာပေါင်းကြီးရွာက မူလတန်းလွန်ကျောင်းကို အောက်တိုဘာ ၆ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ကျောင်းဆရာမတစ်ဦးအပါအဝင် စုစုပေါင်း ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဆရာမ ဒေါ်ဝိုင်းဝိုင်းနဲ့ ပဉ္စမတန်း ကျောင်းသူ၊ ကျောင်းသားတွေ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာပြင်းထန်သူတချို့ကိုတော့ မြင်းခြံပြည်သူ့ဆေးရုံဆီ ပို့ထားတယ်လို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

“ကံကောင်းတာက ကျောင်းစာသင်ခန်းထောင့်ကိုကျလို့ကံကောင်းတာ။ မဟုတ်ရင် အတော်များများ ထိခိုက်ဒဏ်ရာရနိုင်တယ်။ ခုက ဆရာမက ဒေါ်ဝိုင်းဝိုင်းနဲ့၊ ကျောင်းသား၊ကျောင်းသူလေးတွေက ၁၄ ယောက်ဒဏ်ရာရတယ်။ တစ်ယောက်မှတော့ အသေအပျောက်မရှိဘူး”

ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဒေသခံတွေ ပြောပြချက်အရ သာပေါင်းကြီးရွာဟာ စစ်တပ်ရော ပြည်သူ့ကာကွယ်ရေးတပ်တွေပါ အဝင်အထွက်ရှိတဲ့ ရွာဖြစ်ပြီး စာသင်ကျောင်းကတော့ စစ်တပ်ခန့်အစိုးရက ဖွင့်လှစ်ထားတဲ့ မူလတန်းလွန်ကျောင်းဖြစ်ပါတယ်။

ဒီဒရုန်းတိုက်ခိုက်မှုကို စစ်တပ်ဘက်က ကျူးလွန်တာလို့ ဒေသခံတချို့က ပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ ဦးသိန်းဌေးကို RFA က အောက်တိုဘာ ၆ ရက် ညနေပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စာသင်ကျောင်းနဲ့ ဆေးရုံတွေကို တိုက်ခိုက်တာဟာ ကြီးလေးတဲ့ ကုလသမဂ္ဂက အလေးအနက်ထား စောင့်ကြည့်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှုတွေထဲမှာ ပါဝင်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ တိုးနေပြီး တိုက်ခိုက်မှုတွေကနေ ပညာရေးကို ကာကွယ်စောင့်ရှောက်ရေး အပြည်ပြည်ဆိုင်ရာမဟာမိတ်အဖွဲ့ (GCPEA)ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ ၂ဝ၂၄ နဲ့ ၂ဝ၂၅ ခုနှစ်အတွင်း ကျေင်းသားနဲ့ ပညာရေးဝန်ထမ်း ထိခိုက်သေဆုံးမှု အများဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။

အဲဒီနှစ် နှစ်အတွင်း မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုတွေကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပညာရေးဝန်ထမ်း အနည်းဆုံး ၈၀ ဦးသေဆုံးခဲ့ပြီး နောက်ထပ် အနည်းဆုံး ၂၄၀ ဦး ဒဏ်ရာရခဲ့တယ်လို့ GCPEA ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လတုန်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။