ကျောက်တော်ဈေး ဗုံးကြဲခံရပြီးနောက် ကုန်စည်စီးဆင်းမှုရပ်တန့်နေ

“ရခိုင်တစ်ပြည်နယ်လုံးကို ကုန်စည်လက်ကားဖြန့်နေတဲ့ ဈေးကြီးလို့ ပြောလို့ရတယ်။ မီဇိုရမ်ကနေ ကုန်သွယ်ပြီးမှ အိန္ဒိယဈေးကြီးမှာသွင်းတယ်။ အဲဒီကနေတဆင့် တခြားမြို့တွေက လာဝယ်ကြတာဗျ"

ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း တွေ အဓိကဖြန့်ချီနေတဲ့ ကျော်တော်မြို့ ပိုက်သည်ရပ်ကွက်က အိန္ဒိယဈေး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်က ဗုံကြဲခံရပြီးတဲ့နောက်မှာ ကုန်စည်စီးဆင်းမှုရပ်တန့်နေပြီး ကုန်ဈေးနှုန်းတွေကြီးနေတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးကတည်းက ပြည်နယ်ထဲမှာ ကုန်သွယ်ရေး ရပ်တန့်နေတယ်လို့ ကုန်သည်တစ်ယောက်က RFA ကို ပြောပါတယ်။

“ရခိုင်တစ်ပြည်နယ်လုံးကို ကုန်စည်လက်ကားဖြန့်နေတဲ့ ဈေးကြီးလို့ ပြောလို့ရတယ်။ မီဇိုရမ်ကနေ ကုန်သွယ် ပြီးမှ အိန္ဒိယဈေးကြီးမှာသွင်းတယ်။ အဲဒီကနေတဆင့် တခြားမြို့တွေက လာဝယ်ကြတာဗျ။ အဲဒီလိုမျိုး အခုက ဈေးပိတ်ထားတယ်ဆိုတော့ ဝယ်မဲ့သူမရှိတော့ဘူးလေ။ကုန်တွေကို ရွာတွေကိုပတ်ပြီးမှလည်း သွားလို့မရောင်း နိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က ဘာမှမဝယ်ဘဲ အခြေအနေကို စောင့်ကြည့်နေကြတယ်”

၂၀၂၄ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်ကို ပြည်မဘက်ကနေက ကုန်သယ်တဲ့လမ်းတွေကို စစ်တပ်ကပိတ်ခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကနေ ကုန်သွယ်နေကြတာလို့သိရပါတယ်။

ဒါကြောင့် အိန္ဒိယဈေးဟာ ပြည်နယ်တစ်ခုလုံးအတွက် အရေးပါတဲ့ ကုန်စည်အရင်းအမြစ်ဖြစ်လာတယ်လို့ အမည်မဖော်လိုတဲ့ ကျောက်တော်မြို့ခံတစ်ယောက်က RFA ကို ပြောပါတယ်။

“ဒီဈေးက တိုက်ပွဲမဖြစ်ခင် အချိန်တုန်းက ရှိတော့ရှိတယ်။ ဒါပေမဲ့ ဒီလောက်အထိတော့ အသုံးမပြုဘူးပေါ့။ အရင်တုန်းကဆိုရင်တော့ ရန်ကုန်ဘက်ကနေပြီးတော့ ကုန်စည်တွေစီးဆင်းတော့ ရေလမ်းခရီးမဟုတ်တော့ ဒီလောက်အထိ အရမ်းအသုံးမပြုဘူး။ အခုနောက်ပိုင်းတကျော့ပြန် စစ်ပွဲဖြစ်ပြီးနောက်ပိုင်း အသုံးပြုတဲ့ ဈေးပါ။ မြစ်ကမ်းဘေးကျတော့ အိန္ဒိယကလာတဲ့ကုန်တွေက ဘုတ်တွေနဲ့လှေတွေနဲ့ သယ်ရတဲ့အခါကြရင် ဒီစျေးကပိုပြီး စည်သွားတာပေါ့”

အခုတော့ ရက်ပိုင်းအတွင်း ကုန်စျေးနှုန်းသိသိသာသာမြင့်တက်လာတယ်လို့ အမည်မဖော်လိုတဲ့ မြောက်ဦး ဒေသခံ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

“အိန္ဒိယစားသုံးဆီတစ်ဖာကို အရင်က ခုနစ်သောင်းကျော်ကျော်ပဲ ရှိတယ်။ အခုဆိုရင် ဗုံးချပြီးတော့ နှစ်ရက် လောက်ကတည်း ဆီ တစ်ဖာကို ကိုးသောင်းလောက်အထိ ထိုးတက်သွားပြီပေါ့”

အရင်က ကြက်သွန်ဖြူတစ်ပိဿာ နှစ်သောင်းဝန်းကျင်၊ ကြက်သွန်နီတစ်ပိဿာ တစ်သောင်းကျော်ဝန်းကျင်နဲ့ ဓာတ်ဆီတစ်လီတာ တစ်သောင်းဝန်ကျင်ရှိခဲ့ပြီး၊ အခုရက်ပိုင်းမှာ နှစ်ဆကျော် မြင့်တက်သွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ကျောက်တော်ဈေး ဗုံးကြဲမှုဟာ ကုန်သွယ်ရေး ပစ်မှတ်ထား တိုက်ခိုက်တဲ့ သဘောလည်းပါတယ်လို့ နိုင်ငံရေး လေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုး ကသုံးသပ်ပါတယ်။

“ကျောက်တော်မှာ ဖြစ်သွားတဲ့ဟာက ဒါက ကုန်သွယ်မှုနဲ့ ဆိုင်တဲ့နေရာကို ပစ်မှတ်ထားပြီး လုပ်တဲ့ဟာမျိုးပေါ့။ အဲဒီတော့ လူတွေ တမင်သက်သက် သွားတဲ့နေရာ လာတဲ့နေရာ အဲဒီလိုမျိုးနေရာတွေမှာလုပ်တယ်ဆိုရင် ရခိုင် ဒေသမှာ နယ်မြေဘယ်လောက်ပဲ သိမ်းပိုက်သိမ်းပိုက် လူတွေရဲ့ နေထိုင်မှုက လုံခြုံမှုမရှိဘူးဆိုတဲ့ ပုံစံမျိုးရယ်။ နောက် ကုန်သွယ်မှုရဲ့ ရောင်းဝယ်ဖောက်ကားမှုပိုင်းဆိုင်ရာ ဘဝနေထိုင်မှု၊ ရှင်သန်မှု၊ လုပ်ကိုင်စားသောက်မှု တွေဟာ မလုံခြုံမှုရှိတယ်ဆိုတဲ့ဟာမျိုး ပေါ်စေဖို့အတွက် လုပ်တယ်လို့ ပြောလို့ရတယ်”

ဒီ အခြေနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်တပ်ရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဦးမြင့်စိုးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ဟာ ကုန်ဈေးနှုန်းအကြီးဆုံးဒေသဖြစ်နေတယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ သြဂုတ်လ ၂၀ ရက်သတင်းမှာရေးထားတာတွေ့ရပါတယ်။