မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်နဲ့ စစ်တပ်ခန့်အစိုးရ သမ္မတဦးမင်းအောင်လှိုင်ဟာ အောက်တိုဘာ ၇ ရက်နေ့မှာ မလေးရှားနိုင်ငံကို နှစ်ရက်ကြာ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိလာပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းအပြီး အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကြောင့် မြန်မာ့အရေးလှုပ်ရှားနေတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဒီခရီးစဥ်ကို ဝေဖန်ကန့်ကွက်ရှုတ်ချမှုတွေကြားက မလေးရှား နိုင်ငံကို ခရီးရောက်ရှိလာ တာဖြစ်ပါတယ်။ ဒါ့အပြင် မလေးရှားရောက် မြန်မာဒုက္ခသည်တွေ မြန်မာပြည်ပြန်ပို့တဲ့အတွက် မလေးရှားနိုင်ငံကို နိုင်ငံတကာက ဝေဖန်မှုတွေ မြင့်တက်နေချိန်လည်း ဖြစ်ပါတယ်။
မလေးရှားနိုင်ငံအနေနဲ့ သမ္မတဦးမင်းအောင်လှိုင်နဲ့ မလေးရှားကို တရားမဝင် လာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ဂုဏ်သိက္ခာရှိရှိ လုံခြုံဘေးကင်းစွာ မြန်မာပြည်ပြန်ပို့ရေး အပါအဝင် နှစ်နိုင်ငံကြား ကိစ္စရပ်တွေဆွေးနွေးဖို့ရှိပါတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး HRW က မလေးရှားဝန်ကြီးချုပ် အန်ဝါအေဘရာဟင် (Anwer Ibrahim) အနေနဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်နဲ့ တွေ့ဆုံတဲ့အခါ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ရေး ဖိအားပေးပြောကြားသင့်ပြီး မြန်မာဒုက္ခသည်တွေကို အတင်းအကြပ် မြန်မာပြည် ပြန်ပို့နေတာကို ရပ်တန့်သင့်တယ်လို့ အောက်တိုဘာ ၆ ရက်နေ့က တောင်းဆိုထားပါတယ်။
တချိန်ထဲမှာပဲ အာဏာသိမ်းခေါင်းဆောင်နဲ့ စစ်ခေါင်းဆောင်ဟောင်းကို လူရာသွင်းပြီး နိုင်ငံတော်ခရီးစဥ်အဖြစ် ဖိတ်ကြားခဲ့တဲ့ မလေးရှားနိုင်ငံကို မြန်မာ့အရေးလှုပ်ရှားနေတဲ့ Justice for Myanmar အဖွဲ့က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး မြန်မာစစ်တပ်နဲ့ မလေးရှားဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပူးပေါင်းကြံရာအဖြစ် ပတ်သက်နေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။
မြန်မာစစ်တပ်က လေကြောင်းအကြမ်းဖက်စစ်ဆင်ရေးကို အရှိန်မြှင့်တင် လုပ်ဆောင်လာနေချိန်မှာ မလေးရှားအစိုးရနဲ့ ဆက်နွယ်မှုရှိတဲ့ ကုမ္ပဏီအချို့အပါအဝင် မလေးရှားကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ထံ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ရောင်းချထောက်ပံ့ပေးနေကြောင်း သို့မဟုတ် ရောင်းချထောက်ပံ့ဖို့ ကြိုးပမ်း နေကြောင်း လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ သိရှိရပြီး အခုလို ဖော်ထုတ် ပြောဆိုတာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ် မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို မလေးရှား ကုမ္ပဏီတွေက ထောက်ပံ့ပေးနေတာတွေကို တားဆီးဖို့ လုပ်ဆောင်တာမရှိဘဲ စစ်ရာဇဝတ်ကျူးလွန်ထားသူ ဦးမင်းအောင်လှိုင်ကို တရားဝင်အသိအမှတ်ပြုပြီး မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို စစ်အာဏာပိုင်တွေလက်ထဲ ပြန်လွှဲအပ်နေတဲ့ မလေးရှားနိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချတယ်”လို့ ကြေညာချက်မှာ ပြောကြားထားပါတယ်။
မလေးရှားနိုင်ငံဟာ ပြည်သူလူထုအပေါ် အကြမ်းဖက် စစ်ဆင်ရေးလုပ်ရာမှာ အထောက်အကူပြုတဲ့ စက်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို မလေးရှားကုမ္ပဏီတွေက ထောက်ပံ့နေတာကို မတားဆီးဘဲ တစ်ဖက်မှာ အာဆီယံ ဘုံသဘောညီချက် (၅) ရပ်အပေါ် မလေးရှားနိုင်ငံရဲ့ရပ်တည်ချက်နဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် တောင်းဆိုချက်တွေဟာ အနှစ်သာရ ကင်းမဲ့နေတယ်လို့လည်း ထောက်ပြထားပါတယ်။
ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) ကတော့ မလေးရှား နိုင်ငံအနေနဲ့ အာဂျင်တီးနားတရားရုံးက ထုတ်ပြန်ထားတဲ့ ဖမ်းဆီးအမိန့်ကို အကောင်အထည်ဖော်ပြီး အလည်ခရီးရောက်လာတဲ့ ဦးမင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ အောက်တိုဘာ ၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က တော့ မလေးရှားနိုင်ငံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်ဟောင်းကို ချစ်ကြည်ရေးဖိတ်ကြားထားတာကို ပယ်ဖျက်ပြီး ဒုက္ခသည်မြန်မာပြည် ပြန်ပို့တဲ့ အစီအစဥ်ကို ရပ်နားထားဖို့ အောက်တိုဘာ ၆ ရက်နေ့က တိုက်တွန်းထားပါတယ်။
မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ကို မလေးရှားနိုင်ငံအစိုးရက တရားဝင် ဧည့်သည်အဖြစ် ဖိတ်ကြားခဲ့တာကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR က ဝေဖန်ကန့်ကွက်ခဲ့သလို မလေးရှား ရောက် မြန်မာနိုင်ငံသားတွေကလည်း သပိတ်မှောက်ဆန္ဒပြဖို့ စီစဥ်ထားကြပါတယ်။
