ထိုင်း - မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ မယ်ဖလုံခရိုင်မှာ ဒီဇင်ဘာ ၁၆ ရက်ည ၇ နာရီခန့်က မူးယစ်ဆေးဝါး သယ်လာတဲ့အဖွဲ့နဲ့ ထိုင်းလုံခြုံရေးအထူးတပ်ဖွဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး မူးယစ်ဆေးဝါး သယ်လာသူ ၁၅ ဦးသေဆုံးခဲ့တယ်လို့ ထိုင်းဘုရင့် တပ်မတော် (Royal Thai Army) က သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေနဲ့အတူ စိတ်ကြွဆေးပြား နှစ်သန်းကျော် (၂,၀၄၀,၀၀၀) ပါတဲ့ ကျောပိုးအိတ် (၁၇) အိတ်ကို သိမ်းဆည်းရမိခဲ့ပြီး မယ်ဖလုံခရိုင်ရဲတပ်ဖွဲ့က ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောပိုးအိတ်တွေ သယ်ဆောင်လာတဲ့ အမျိုးသားအုပ်စုကို ရပ်တန့်ခိုင်းပြီး သက်သေခံ စာရွက်စာတမ်းတွေကိုပြဖို့ တောင်းချိန်မှာ အဲဒီအဖွဲ့က စတင်ပစ်ခတ်ခဲ့တာလို့ ထိုင်းနိုင်ငံအခြေစိုက် The Nation နဲ့ Bangkok Post သတင်း ဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။
ထိုင်းလုံခြုံရေးအထူးတပ်ဖွဲ့နဲ့ အဲဒီအဖွဲ့ အပြန်အလှန်ပစ်ခတ်မှုဟာ ငါးမိနစ်ခန့်ရှိပြီး ထိုင်းစစ်သားတွေကတော့ ပစ်ခတ်မှုဖြစ်ပြီးနောက်ရက်မှ အဲဒီနေရာကို သွားရောက် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
အဲဒီအဖွဲ့ဟာ မြန်မာဘက်ကနေ နယ်စပ်ကိုဖြတ်ပြီး ထိုင်းဘက်ကို လမ်းလျှောက်ဝင်ရောက် လာချိန် ထိုင်းလုံခြုံရေး အထူးတပ်ဖွဲ့က တွေ့ခဲ့တာလို့လည်း The Nation သတင်းမှာ ရေးသားပါတယ်။
ထိုင်းဘုရင့်တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေ ဟာ ဘယ်အဖွဲ့ကဆိုတာနဲ့ ဘယ်နိုင်ငံသားတွေဆိုတာကို ထည့်သွင်းမဖော်ပြထားသလို RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ကလည်း ချင်းရိုင်ခရိုင်၊ မယ်ဖလုံဧရိယာထဲမှာ နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေး သယ်လာသူတွေနဲ့ နယ်စပ်ကင်းလှည့်တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် မူးယစ်ဆေးဝါး သယ်လာသူရှစ်ဦး သေဆုံးပြီး စိတ်ကြွဆေးပြားလေးသန်းခွဲ သိမ်းဆည်းရမိခဲ့ပါတယ်။