ညောင်ကုန်း BGF စစ်ဆေးရေးစခန်းကနေလက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် KNU သထုံခရိုင်၊ ဖလံတောင် တိုက်နယ်ဆေးရုံကို ယာယီပိတ်ထားခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဒူးသထူးခရိုင်က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
စကခ ၈ လက်အောက်ခံ ခမရ ၄၀၈ တပ်စခန်း(ကမမောင်း)ကနေ ဖလံတောင်တိုက်နယ်ဆေးရုံးကို ၁၂၀ မမ လက်နက်ကြီးနဲ့ ၅ ချက် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ဆေးရုံနဲ့လူနာတွေ ထိခိုက်တာမရှိပေမယ့် လုံခြုံရေးအရယာယီပိတ်ထားလိုက်တာဖြစ်ပြီး ဆေးကုသမှုခံယူနေတဲ့လူနာတွေ၊ ဆေးရုံအနီးနားက ဒေသခံပြည်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
KNU ရဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
KNU- ဖားအံမြို့နယ်၊ KNLA တပ်ရင်း ၁ တပ်ရင်းမှူးက ဒီလက်နက်ကြီးပစ်ခတ်မှုကိုကန့်ကွက်ရှုံ့ချကြောင်း၊ တချို့ရွာသားတွေ စစ်ကောင်စီ စစ်ကြောင်းထိုးမှာကိုစိုးရိမ်ပြီး တိမ်ရှောင်ထွက်ပြေးကြရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေ ဖလံတောင်တိုက်နယ်ဆေးရုံကို ဝင်ရောက်စီးနင်းပြီး ဆေးဝါးတွေနဲ့ ဆေးရုံးသုံးပစ္စည်းတွေကို ဖျက်ဆီး ယူဆောင်သွားတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က စစ်ကောင်စီတပ်က ညောင်ကုန်းကျေးရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သားကလေးငယ် တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ ကလည်း BGF စစ်ဆေးရေးဂိတ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၊ ဝါမီပ္ပကျေးရွာနဲ့နိုးရားကျေးရွာ အနီးကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။