ထောက်ပံ့ငွေ ဖြတ်၍ DVB ရေဒီယိုနှင့် ရုပ်သံအစီအစဉ်အချို့ ရပ်နားမည်

နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (ဒီဗွီဘီ) ကို ထောက်ပံ့နေတဲ့ ရန်ပုံငွေ ၁၅ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၅ သိန်းနီးပါး ဖြတ်တောက် ခံရတာကြောင့် လက်ရှိအစီအစဉ် တချို့ ရပ်ဆိုင်းဖို့ ရှိတယ်လို့ ဒီဗွီဘီ အမှုဆောင်ညွန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ဇန်နဝါရီ ၂၅ ရက် မနေ့က RFA ကို ပြောပါတယ်။

2011.01.26
dvb_norway_media_305_z.jpg နော်ဝေနိုင်ငံ၊ အော်စလိုမြို့တော် အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ရုံးတွင် ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း (ယာ) နှင့် အဖွဲ့သူတဦး အလုပ်လုပ်နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ထောက်ပံ့တဲ့ ရန်ပုံငွေအပေါ် မှီတည်နေရတဲ့ ဒီဗွီဘီအတွက် အခုလို ထောက်ပံ့ငွေ ဖြတ်တောက်ခံရမှုကြောင့် အခက်အခဲ ကြီးကြီးမားမား ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ အခုလောလောဆယ် ဒီ စဉ်းစားထားတဲ့အခါမှာတော့ အများဆုံးကတော့ပေါ့နော်၊ ကျွန်တော်တို့ ခုနက ရေဒီယိုပိုင်းက တချို့ ကျွန်တော်တို့ မနက်ပိုင်း အစီအစဉ်ကို ကျွန်တော်တို့ ဟို ရပ်ကောင်း ရပ်နိုင်တယ်။ ဟို ရပ်ဖို့လည်း တော်တော်လေး အလားအလာ များပါတယ်။ နောက်တခုက ကျွန်တော်တို့ ဒီ အော်စလိုမှာ ရှိနေတဲ့ အော်ပရေးရှင်းတချို့ ကျွန်တော်တို့ ရပ်ဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ကုန်ကျစရိတ် များတာကော ဘာကော အကုန်လုံးနဲ့ ခြုံကြည့်မယ်ဆိုရင် ဒီ အော်စလို အပိုင်းက ကျွန်တော်တို့ ဒီ လျှော့ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ လျှော့လျှော့ ဟို ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး စဉ်းစားထားတာတော့၊ ကျွန်တော်တို့ လွှင့်နေတဲ့ အစီအစဉ်တွေ၊ ကျွန်တော်တို့ရဲ့ ပြည်တွင်းကို အသံလွှင့်တဲ့ လုပ်ငန်းတွေ၊ အဲဒါတွေကို အထိခိုက် အနည်းနိုင်ဆုံး နည်းအောင်ပေါ့နော်၊ ထားပြီးတော့ ကျန်တဲ့ နေရာတွေမှာ ကျွန်တော်တို့ အစီအစဉ်တွေ တော်တော်များများ လျှော့ဖို့ ရှိပါတယ်။”

ဒီဗွီဘီကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းနှစ်ခု အတွင်း ပြဿနာတွေ ပေါ်နေတာကြောင့် ရန်ပုံငွေ ဖြတ်တောက်ခံရတာ ဖြစ်တယ်လို့ ဦးအေးချမ်းနိုင်က ပြောပါတယ်။

အလားတူပဲ မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာ အခြေစိုက်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ အပါအဝင် မြန်မာဒုက္ခသည်တွေအတွက် ရိက္ခာထောက်ပံနေတဲ့ TBBC စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ထောက်ပံ့နေတဲ့ ရန်ပုံငွေတွေ ဒီနှစ်အတွင်း လျှော့ချခံခဲ့ရပါတယ်။

ဒီဗွီဘီ ရေဒီယိုအစီအစဉ်ကို နော်ဝေးနိုင်ငံမှာ ၁၉၉၂ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝိုင်းဝန်းထောက်ပံ့ ကူညီခဲ့ပေမဲ့ နော်ဝေးအစိုးရက အဓိက ပံ့ပိုးပေးခဲ့တာပါ။ ရုပ်မြင်သံကြား အစီအစဉ်ကိုတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး မြန်မာပြည်တွင်းမှာ ၂၄ နာရီလုံး ဖမ်းယူ ကြည့်ရှုနိုင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-01-27 14:59

ခိုးတာလျှော့လိုက်ရင်အလုပ်ဖြုတ်စရာမလိုဘဲ
အားလုံးအဆင်ပြေသွားမှာပါ