ပညာရေးအသုံးစရိတ် တိုးမြှင့်ပးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ၁၀၀ လောက်ဟာ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း ဒီနေ့ လမ်းလျှောက် ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ပညာရေးနှီးနှော ဖလှယ်ပွဲကို အခုလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာ မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ်၊ ပြည်ထောင်စုခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒီနေ့မှာ တောင်းဆို လိုက်တာဖြစ်ပါတယ်။
ပညာရေးအသုံးစရိတ်မြင့်တင်တာဟာ နိုင်ငံရဲ့အနာဂတ်ကို မြှင့်တင်တာဖြစ်တယ်လို့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။
ပညာရေးနှီးနှောဖလှယ်ပွဲကို ဝါးခယ်မ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းသားများသမဂ္ဂ၊ ပုသိမ် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ တောင်ငူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ စတဲ့သမဂ္ဂ အဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့ တက်ရောက်ခဲ့ပါတယ်။
လာမယ့် ဧပြီလကနေ စက်တင်ဘာလအထိ ၆ လတာအတွက် ပညာရေးဝန်ကြီးဌာနရဲ့အသုံးစရိတ်ကို ငွေကျပ် ဘီလီယံ ၈၀၀ ကျော် လျာထားကြောင်း ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောထားပါတယ်။
အခုလက်ရှိမှာတော့ တောင်းဆိုထားတဲ့အချက်တွေကို တာဝန်ရှိသူတွေဘက်က လာရောက်ညှိနှိုင်းမှု မပြုလုပ်မခြင်း ကျောင်းသား ၁၀၀ လောက်က ကျောင်းဝင်းအတွင်းမှာ စောင့်ဆိုင်းနေကြပါတယ်။
