အမျိုးသားလွှတ်တော် ပီအာစနစ်ကျင့်သုံးရေး ရှစ်ပါတီ ကန့်ကွက်


2015.04.06

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်တဲ့အခါ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကိုကျင့်သုံးဖို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး ဒီနေ့ ကြားနာပွဲကျင်းပရာမှာ နိုင်ငံရေးပါတီ ၈ ပါတီက ပီအာစနစ်ကိုမကျင့်သုံးဖို့ ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

အဲဒီကြားနာပွဲကို နိုင်ငံရေးပါတီ ၉ ခုက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး ပါတီ ၈ ခုက ပီအာစနစ်ကို ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ ကြားနာပွဲတက်ရောက်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဌ ဦးစဝ်သာဦးက ပြောပါတယ်။

"ပီအာစနစ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းကို အဓိကထားတာမဟုတ်ပဲနဲ့ ပါတီက အဓိကဖြစ်သွားတယ်ပေါ့နော်၊ ကျနော်တို့ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားတွေ၊ နောက်တိုင်းဒေသကြီးမှာရှိတဲ့ အခြေခံလူတန်းစားတွေဆိုတာကလည်း လူကိုပဲသိကြပါတယ်၊ ဒီနေရာမှာ ကိုယ်တင်တဲ့လူရဖို့ဆိုတာ မသေချာဘူးပေါ့၊ လူရွေးတဲ့အခါမှာလည်း နဂိုကျင့်သုံးနေပြီဖြစ်တဲ့ FPTP စနစ်မှာတောင် တစ်ခါတလေ တိမ်းချော်မှုလေးတွေရှိတဲ့အချိန်မှာ အခက်အခဲတွေက ဘာဖြစ်လာနိုင်သလဲဆိုတော့ ပါတီထဲမှာ သူ့လူကိုယ့်လူဆိုတာလေးတွေ ဖြစ်လာနိုင်တယ်၊ ဒီဟာအများပြည်သူအတွက် ပိုပြီးရှုပ်ထွေးလာနိုင်တယ်၊ ဒီကာလမှာတော့ ကျနော်တို့လုံးဝလက်မခံနိုင်ပါဘူး"

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဖို့ကို အမျိုးသားဖံ့ွဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ထောက်ခံခဲ့တယ်လို့ သိရပါတယ်။

ဒီကြားနာပွဲကို ချင်းတိုးတက်ရေးပါတီ၊ အမျိုးသားဖံ့ွဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ၊ ခေတ်သစ်ပြည်သူ့ ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ စတဲ့ နိုင်ငံရေးပါတီ ၉ ခုက တက်ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မနက်ဖြန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမို ကရက်တစ်ပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ စတဲ့ နိုင်ငံရေးပါတီ ၁၁ ခုက ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီနေ့ကစပြီး ၃ ရက်ကြာကျင်းပမယ့် ကြားနာပွဲမှာ နိုင်ငံရေးပါတီ ၃၂ ပါတီက ဆွေးနွေးတင်ပြချက်တွေကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက လွှတ်တော်ထံ အစီရင်ခံစာရေးသားတင်ပြမှာဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဌ ဦးစဝ်သာဦးကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။