စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လုံးဝ လက်ခံအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ NLD ထုတ်ပြန်

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို လုံးဝ လက်ခံအသိအမှတ်ပြုမှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီက နိုဝင်ဘာ ၈ ရက်၊ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပဖို့ ကြံစည်နေပြီး နိုင်ငံရေးအရ တရားဝင်မှု ရရှိနိုင်ရေးနဲ့ နိုင်ငံတကာ အသိအမှတ်ပြုထောက်ခံမှု ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းနေတာ ကို တွေ့ရတာကြောင့် ဒါကို NLD အနေနဲ့ လုံးဝ လက်ခံအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးအနေနဲ့လည်း မြန်မာ့ နိုင်ငံရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝအတွက် ကူညီဖြေရှင်းဖို့ ကြိုးပမ်းရာမှာ ပြဿနာတွေ ပြေလည်ရေးကိုသာရှေးရှုပြီး ဦးစားပေး ဆောင်ရွက်မှုတွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေကို ထိခိုက်ပျက်သုဉ်းစေနိုင်ပြီး အနာဂတ် မြန်မာနိုင်ငံ ကို အနိဌာရုံတွေထဲ တွန်းပို့လိုက်ရာ ရောက်စေနိုင်လို့ အထူးသတိပြုဖို့လိုတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကလည်း ကိုယ်တိုင်ရွေးချယ်ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ လွှတ်တော်အဆင့်ဆင့် တရားဝင် တည်ရှိနေပြီး ဖြစ်တာကြောင့် အဲဒီရွေးကောက်ပွဲကို လက်ခံအသိအမှတ်မပြုဘူးဆိုတာ နည်းလမ်းမျိုးစုံနဲ့ဖော်ပြနေပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေကို ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦး ရှိခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ လာရောက်ဆန္ဒမဲပေးသူ ၂၇,၅၁၈,၈၅၅ ဦးရှိတာကြောင့် ၇၁ ဒသမ ၈၉ ရာခိုင်နှုန်းနဲ့ ခိုင်လုံမဲ ၉၆ ဒသမ ၉၄ ရာခိုင်နှုန်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုင်ငံတစ်ဝန်း မဲဆန္ဒနယ်စုစုပေါင်း ၁,၁၇၁ ခုရှိခဲ့ပြီး စုစုပေါင်း ၁,၁၁၇ နယ် ကျင်းပ နိုင်ခဲ့သလို NLD ပါတီအနေနဲ့ မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရရှိခဲ့တာကြောင့် ထောက်ခံမှု ၈၂ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
NLD ပါတီက ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေး အဖွဲ့ (NLD-HRDT) ရဲ့ အောက်တိုဘာလ ၃၁ နေ့ရက်အထိ ရရှိထားတဲ့ မှတ်တမ်းတွေအရ ဖမ်းဆီးခံထားရသူ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦးအပါအဝင် ပါတီဝင်စုစုပေါင်း ၁၁၆၉ ဦးရှိပြီး ဖမ်းဆီးခံရချိန်အတွင်း သေဆုံးတဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအပါအဝင် ၆၇ ဦးရှိခဲ့ပါတယ်။