TNLA ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်ချုပ်နယ်မြေအတွင်းမှာ လာမယ့်၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်စွာကျင်းပနိုင်တယ်လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် က ပြောပါတယ်။

TNLA ထိန်းချုပ်နယ်မြေအတွင်းမှာ ဇူလိုင်လ ၂၃ ရက်နေ့ မနေ့က ပထမဦးဆုံး ကျင်းပတဲ့ ဗိုလ်လောင်း သင်တန်းဆင်းပွဲ အခမ်းအနားမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမယ်ဆွယ်ခွင့်ပြုတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်ပေါ်လာတဲ့ရွေးကောက်ပွဲကို ထောက်ခံတာမျိုး မဟုတ်ဘဲ ဒေသအတွင်း လူထုရဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုကို မဟန့်တားလိုတဲ့အတွက် ဗဟို ကော်မတီအစည်း ဝေးကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာမှာတော့ လူမျိုးရေးထိခိုက်စေတာ တစ်ဘက်နဲ့တစ်ဘက် ပုတ်ခတ်တာမျိုး မဖြစ်ဖို့တော့ လိုလားတယ်လို့ ပြောပါတယ်။

TNLA အဖွဲ့လှုပ်ရှားရာ နယ်မြေတွေကတော့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မိုင်းယော်၊ မိုးမိတ် စတဲ့မြို့နယ်တွေဖြစ်ပါတယ်။