စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ တရားမျှတမှုမရှိနိုင်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော
စစ်ကောင်စီက စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ ဟန်ပြရွေးကောက်ပွဲဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ထုတ်ပြန်ပြောဆိုလိုက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုဝင်ဘာလ ၈ ရက် ဒီကနေ့မှာ ဖော်ပြထားပါတယ်။
ဒီနေ့ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ နှစ်နှစ်ပြည့်နေ့မှာ အခုလို သတင်းထုတ်ပြန်တာ ဖြစ်ပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ အကြမ်းဖက်မှု တွေ ပိုပြီးဖြစ်လာဖို့ တွန်းအားဖြစ် စေလိမ့်မယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ပိုကြာရှည်စေပြီး၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေလိမ့်မယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက် ရှိအောင် ဆောင်ရွက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အားပေးထောက်ခံပြီး အာဏာရှင်အဖွဲ့အစည်းရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေအတွက် နောက်ဆက်တွဲအကျိုး ဆက် အရေးယူမှုအစီအမံတွေကို မဟာမိတ်တွေနဲ့အတူ ဆက်လက်လုပ်ဆောင်သွားမယ်လို့ လည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဒီနေ့မှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း အကြမ်းဖက်မှုတွေအားလုံးရပ်တန့်ဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပါ တာဝန်၀တ္တရားတွေကို လေးစားဖို့နဲ့ မတရား ဖမ်းဆီးချုပ်နှောင်ထားသူတွေကို လွှတ်ပေးဖို့ စတဲ့ အချက်တွေကို စစ်ကောင်စီထံ တောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ကနေဒါသံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအပေါ် စိတ်အား ထက်သန်မှုတွေကို ခိုင်ခိုင်မာမာ ထောက်ခံနေကြောင်းလည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက် လက်ရှိ မဲစာရင်းစိစစ်တာနဲ့ မဲရုံလျာထားသတ်မှတ်တာတွေ လုပ်နေပါ တယ်။