သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံ ခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ UNA ခေါင်းဆောင်တွေကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ရန်ကုန် မြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ခေါ်ယူတွေ့ ဆုံခဲ့ပါတယ်။
ဒီနေ့တွေ့ဆုံပွဲမှာ ကော်မရှင်ဥက္ကဌ ဦးတင်အေး က ကျောင်းသားအရေးဟာ ထိလွယ်ရှလွယ်တဲ့ ကိစ္စဖြစ်တာကြောင့် ထိန်းထိန်းသိမ်းသိမ်းဆောင် ရွက်ကြဖို့ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ UNA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင် က ပြောပါတယ်။ UNA ခေါင်းဆောင်တွေက လည်း ကျောင်းသားအရေး ကိစ္စမှာ အစိုးရအနေနဲ့ အကြမ်းဖက်တာတွေမလုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။
ဒီလ ၁၇ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ UNA ညီလာခံမှာ သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေ တက်ရောက်ခဲ့ပြီး လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပေးဖို့ UNA က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကော်မရှင်ဥက္ကဌနဲ့ဆွေးနွေးပွဲမှာ UNA ညီလာခံကချမှတ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးဖို့၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးကိစ္စတွေကို ဒီနေ့ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ UNA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။